လေထီးတယော အပိုင်း-၁

ရဲဝံ့စွန့်စားပြည်ချစ်သားကို အားပေးကြတဲ့ မိဘပြည်သူတွေကို ဒီတစ်ခါတော့ ပျော်ရွှင်ရယ်မောနိုင်ကြစေဖို့ ရယ်ရွှင်စရာ ဟာသလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်..။

ကျော်ထင်မှဇော်ခင်… ကျော်ထင်မှဇော်ခင် အသံကောင်းလား”

ခါးကြားမှာချိတ်ထားတဲ့ စကားပြောစက်ကနေ အသံထွက်လာချိန် တပ်ရင်းမှူးအသံမှန်း ဗိုလ်ကြီးဇော်ခင် သိလိုက်တော့ စကားပြောစက်ကို ချက်ချင်းဖြုတ်ပြီး ပြန်ထူးလိုက်သည်။

“ဇော်ခင် အသံကောင်းပါတယ်ခင်ဗျ”

“ရထားကွာ ညညဆို လေထီးတယော တအားဖြစ်နေလို့ မင်းဘက်ဂီယာထိုးလာရင် တရုတ်စံပယ်နှစ်ပွင့် လောက် မခဲ့လိုက်၊ ရထားလား”

“ရထား ၉၆ ပါခင်ဗျ” 

တပ်စုတစ်စုဖြင့် စခန်းပေါ်ကနေ အောက်ကရွာထဲဆင်းပြီး ဈေးလာဝယ်သည့် အိုင်အိုဗိုလ်ကြီးဇော်ခင်ကို သူ့တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးကျော်ထင်က လှမ်းပြောလိုက်ခြင်းပင်ဖြစ်၏။

တပ်ရင်းမှူးကသာ သူမှာစရာရှိတာမှာပြီး ပြီးသွားတာ။ မပြီးနိုင်သေးသူက ဗိုလ်ကြီးဇော်ခင်။ တပ်ရင်းမှူးဝှက်စာကို ဆိုက်ဖာဖော်ဖို့ကရှိသေးသည်။ တပ်ရင်းမှူးကလဲ စကားဝှက်သုံးရတာကို တအားစိတ်ဝင်စား သည့်ပုဂ္ဂိုလ်။ သူဝှက်လိုက်လို့ကတော့ တော်ရုံလူဆို နားရောမျက်စိပါလည်ပြီး တိုင်ပတ်ကုန်တတ်သည်။ တော်တော်နှင့်ဖော်မရ။ ပြီးရင်လည်း သူပြောတာနားမလည်ဘဲ တလွဲလုပ်လာလို့ကတော့ အရပ်သာရှည်တာ စိတ်ကလက်တစ်ဆစ်ပင်မပြည့်သည့် တပ်ရင်းမှူးက ဆဲနည်းပေါင်းစုံဖြင့် အော်ဆဲတတ်သေးသည်။

တစ်ခါကလည်း ခုလိုပဲ စခန်းအောက်ဆင်းပြီး ဈေးလာဝယ်တုန်း အပေါ်ကလှမ်းပြောသည်။ 

“ဆယ်ပြား၊ လင်ဇီးလိမ်းတဲ့သူရှိရင် ငါ့တရုတ်မဆီ ဘီးလှမ်းဖြီးပေးဖို့ ပြောလိုက်ကွာ” တဲ့။

ဟား… ဘာပြောကောင်းမလဲ။ ခေါင်းမွေးတွေထောင်၊ ချွေးတွေပြန်ပြီး ဆိုက်ဖာဖော်ရတာဆိုတာ။ ဘယ်လောက်ဖော်ဖော် သူဘာကိုဆိုလိုချင်မှန်းကိုမသိ။ လင်ဇီးတွေရော တရုတ်မတွေရော ရှုပ်နေတာပဲ။ ပိုဆိုးတာက သူ့တရုတ်မကို ဘီးဖြီးပေးရမယ်ဆိုတာ။ တပ်ရင်းမှူးအနားမှာနေတာကြာပြီ၊ သူ့တဲထဲလည်း တရုတ်မမပြောနဲ့ မင်းသမီးပုံတောင်မတွေ့။ တပ်ရင်းမှူး ငါမသိအောင် ဘယ်အချိန်ကများ တရုတ်မ ခေါ်ထည့်ထားတယ်မသိဘူးပေါ့။ စသဖြင့်တွေ ဗိုလ်ကြီးဇော်ခင် လျှောက်တွေးတော့တာ။ တပ်ရင်းမှူးဆီလည်း ပြန်မမေးရဲ၊ မေးလိုက်လို့ကတော့ ဆဲနည်းပေါင်း ၃၈၁ မျိုးလောက်နဲ့ အဆဲခံရမှာ သေချာသည်။ သူ့ဆဲနည်းထဲမှာ “မင်းမေကက်ဆက်” ဆိုတာကပါသေး။ 

ဘယ်လိုမှဖော်မရတဲ့အဆုံး ဖြစ်ချင်ရာဖြစ်ကွာဆိုပြီး လိမ်းဆေးတစ်ဘူးရယ်၊ ဘီးတစ်ချောင်းရယ်ဝယ်ပြီး စခန်းပေါ်ပြန်တက်လာ‌လိုက်သည်။ စခန်းပေါ်ရောက်တော့ ဗိုလ်ကြီးဇော်ခင်က တပ်ရင်းမှူးတဲထဲဝင်ပြီး သူဝယ်လာတာတွေ ပေးလိုက်သည်။ ပြီးတော့ တပ်ရင်းမှူးတဲထဲကိုပါ မသိမသာ ဝေ့ဝိုက်ကြည့်လိုက်သေးသည်။ တရုတ်မများတွေ့မလားဆိုတဲ့ အကြည့်လေး။ တပ်ရင်းမှူးက အိုင်အိုဗိုလ်ကြီးဇော်ခင်ကို မော့ကြည့်ရင်း-

“ဒါတွေက ငါဘာလုပ်ဖို့လဲဟ” တဲ့။

“ဟုတ်… တပ်ရင်းမှူး စက်နဲ့လှမ်းမှာတဲ့ပစ္စည်းတွေပါခင်ဗျ၊ လင်ဇီးလိမ်းဆေးကတော့မရလို့ ထွန်းရွှေဝါပဲ ဝယ်လာခဲ့ပါတယ်ခင်ဗျ”

ရုပ်တည်ကြီးနဲ့ပြန်ဖြေနေတဲ့ ဗိုလ်ကြီးဇော်ခင်ကိုတစ်လှည့် စားပွဲပေါ်ကပစ္စည်းတွေကိုတစ်လှည့်ကြည့်ရင်း တပ်ရင်းမှူး ခဏကြောင်သွားသည်။ ပြီးတော့မှ သူမှာတာသတိရပြီး အောင်မြင်ခံ့ညားသည့်အသံကြီးဖြင့်-

“ငိုးမဇော်ခင်၊ မင်းမေကက်ဆက် ငါပြောတာက လိုင်ဇာကိုသွားတဲ့လူကြုံရှိရင် ငါ့တရုတ်ဖုန်းဘေ ကုန်နေလို့ ဘေဖြည့်ပေးခိုင်းဖို့မှာတာဟ။ ဒီဟာတွေ ငါကဘာလုပ်ရမှာလဲ၊ မင်းဖင်ထဲသာထိုးထည့်ထားလိုက် ကြားလား ငိုးမနှမဘေး” တပ်ရင်းမှူးက ပြောလည်းပြော ဗိုလ်ကြီးဇော်ခင်ဝယ်လာသည့် ထွန်းရွှေဝါဘူးနှင့်ပါ ပိတ်ပေါက်သည်။ ဒါမျိုး ရရိုးလား၊ တပ်ရင်းမှူးနဲ့အတူနေလာတာ နှစ်ပွင့်ကတည်းက ခုပင်သုံးပွင့်ဖြစ်နေပြီ။ အထာကနပ်တော့ တပ်ရင်းမှူး စဆဲကတည်းက ဗိုလ်ကြီးဇော်ခင်က တဲတံခါးဝဆီ နောက်ပြန်ဆုတ်ထားပြီးသား။ ဘူးနဲ့ပေါက်တဲ့အချိန်ကျ လှစ်ခနဲ တဲအပြင်ထွက်ပြီး ထရံနဲ့ကွယ်နေလိုက်တော့ သူ့ကိုမထိလိုက်။ တပ်ရင်းမှူးက တဲထဲမှာ ကက်ဆက်အလုံးပေါင်းများစွာ ဖွင့်နေချိန် ဗိုလ်ကြီးဇော်ခင်ကတော့ ထွန်းရွှေဝါဘူးလေးအသာကောက်ပြီး သူ့တဲဆီပြန်ပြေးလေပြီ။ ဆက်လက်ဖော်ပြပါမယ်..။