မူဆယ်မြို့မဈေးထဲ အမျိုးသမီး ၂ ဦးက ရွှေဝယ်မယ်ဆိုပြီး ရွှေဆွဲကြိုးတွေ လုပြေး

ရှမ်းပြည်နယ် မူဆယ် မြို့မဈေးထဲ အမျိုးသမီး ၂ ဦးက ရွှေဝယ်မယ်ဆိုပြီးရွှေဆွဲကြိုးတွေ လုယူထွက်ပြေးသွားမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဈေးအတွင်းရှိ ဈေးသည်တွေရဲ့ပြော ကြားချက်အရ သိရပါတယ်။

မူဆယ်မြို့ အမှတ် ၁ မြို့မဈေးအပေါ်ထပ်တွင် ဖွင့်ထားသည့် “လောဝ်ခမ်း” အမည်ရှိ ရွှေဆိုင်သို့ အမျိုးသမီး ၂ ဦး ရောက်ရှိလာပြီး ရွှေဝယ်မယ်လို့ ဆိုကာ ရွှေဆွဲကြိုးတွေ ထုတ်ပြခိုင်းပြီးနောက် လုယူထွက်ပြေးသွားမှု ဇန်နဝါရီ ၁၇ ရက်နေ့ နံနက်ပိုင်း ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

မြို့မဈေးအတွင်းရှိ ဈေးသည် တစ်ဦးက “ မနက်ပိုင်း ၉ ခွဲ ၁၀ နာရီလောက်ဖြစ်တာ။ ဆွဲကြိုးတွေ လုပြေးတယ်ဆိုပြီး လိုက်ကြတာပဲ ။ ဖမ်းတော့ မမိဘူး” လို့ ပြောပါတယ်။

လုယက်ခံရမှု ဖြစ်စဉ်အတွင်း ဆွဲကြိုး အချို့ပါသွားတယ်လို့လည်း ယင်းက ထပ်မံ ပြောပါတယ်။

နိုင်ငံရေး ဖြစ်စဉ် အပြောင်းအလဲ ဖြစ်ပေါ်ပြီး နောက်ပိုင်းကစလို့ ယခုလက်ရှိ အချိန်အထိ မူဆယ်မြို့အတွင်း ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုတွေ မကြာခဏ ဖြစ်နေတယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။