သရက်မြို့ရှိ GTI ကျောင်းက ကျောင်းသားကျောင်းသူ ၃ဦး ဧရာဝတီမြစ်ကမ်းမှာ ရေနစ်သေဆုံးမှုဖြစ်ပွား

ဒီဇင်ဘာလ ၂၂ရက်နေ့ နေ့လည် ၂နာရီဝန်းကျင်ခန့်က သရက်မြို့နယ်အတွင်းရှိ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာ
ရေဆင်းကူးကြတဲ့ GTI ကျောင်းသားကျောင်းသူ ၃ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအသင်း
များရဲ့ သတင်းတွေအရ သိရပါတယ်။
သရက်မြို့၊ ရေပေါ်ကျွန်းကျေးရွာမြောက်၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာ အစိုးရစက်မှုလက်မှုသိပ္ပံက ကျောင်းသား
တစ်ဦးနဲ့ ကျောင်းသူ ၂ဦး ရေနစ်သေဆုံးခဲ့တာဖြစ်ပါတယ်။
GTI ကျောင်းသား ၄ဦးနဲ့ ကျောင်းသူ ၄ဦးသည် ကျောင်းပိတ်ရက် ဆိုင်ကယ်များဖြင့် ဈေးရပ်ကွက်ပဲ့ထောင်ဆိပ်မှာ
ဆိုင်ကယ်များထားပြီး စက်လှေငှားကာ ရေကူးကြရာမှ ကျောင်းသူ မချောသရဖူစိုးမှာ ရေနစ်ခဲ့တယ်လို့ ဆိုပါတယ်။
ကျောင်းသူ မချောသရဖူစိုး ရေနစ်ခဲ့တာကြောင့် မောင်သီဟစိုးမှ ကယ်ဆယ်စဉ် ၎င်းပါရေနစ်ခဲ့သလို နောက်ထပ်
ကယ်ဆယ်ခဲ့တဲ့ မမေမြတ်နိုးဝေးမှာလည်း ရေနစ်ခဲ့ကာ ၃ဦး သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ရေနစ်သေဆုံးမှုကြောင့် ကျန်ကျောင်းသားကျောင်းသူများက ကျောင်းအုပ်ကြီးထံ ဖုန်းဆက်ခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူ
များက ရှာဖွေကယ်ဆယ်မှုများပြုလုပ်ခဲ့ကြတာကြောင့် ညနေ ၄နာရီ ၄၀မိနစ်အချိန်မှာ အလောင်း ၃လောင်းကို
တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ရေနစ်သေဆုံးခဲ့ကြတဲ့ မောင်သီဟစိုး၊ မချောသရဖူစိုးနဲ့ မမေမြတ်နိုးဝေးတို့ရဲ့ အလောင်းများကို သရက်ဆေးရုံရှိ
ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြတာလည်းဖြစ်ပါတယ်။