အဝေးပြေးခရီးသည်တင်(Express)ကားနှင့်ဆေးရုံဆင်းလူနာခေါ်လာသည့် Hijet ကားတိုက်၊ ၃ ဦးသေဆုံး ၁၁ ဦးဒဏ်ရာရ

မကွေးတိုင်း၊မကွေးမြို့ရှိ နေပြည်တော်-ကန်ပြားသွားကားလမ်းမကြီး၏ ရွှေပန်းတောအနီးတွင် အဝေးပြေးခရီးသည်တင်(Express)ကားနှင့်နေပြည်တော်ခုတင်(၁၀၀၀)ဆေးရုံမှ ဆေးရုံဆင်းလူနာခေါ်လာသည့် Hijet ကားတို့ မေ ၂၁ ရက်(ယနေ့)နံနက် ၁၀ နာရီခန့်ကတိုက်မိခဲ့ကြောင်း ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

“ဆေးရုံဆင်းလူနာတင်လာတဲ့ Hijet ကားက စလင်းမြို့ဖက်ကိုသွားမှာ ခရီးသည်တင်ကားကကြတော့ ရန်ကုန်ဖက်ကိုအသွားပေါ့ ဘယ်ကားမှားလဲဆိုတာတော့ ကျွန်တော်တို့ကလူနာတွေအရေးကြီးတဲ့အတွက် မမေးဖြစ်သေးပါဘူး”ဟု ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်ကြောင့် Hijet ကားမောင်းသူနှင့်ကားပေါ် ၌လိုက်ပါလာသည့် အမျိုးသမီး ၂ ဦးမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး Hijet ကားပေါ်လိုက်ပါလာသည့် အမျိုးသား၊အမျိုးသမီး ၁၁ ဦးတွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရသူများနှင့်သေဆုံးသူများ၏ရုပ်အလောင်းများအား ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့်မိတ်ဖက်အသင်းများက ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။