မုတ်သုံ ဘယ်တော့ဝင်နိုင်လဲ..?

မကြာခင်ရက်ပိုင်းက မွှေနှောက်သွားခဲ့တဲ့ မိုခါမုန်တိုင်းက ရခိုင်ကမ်းရိုးတန်းဒေသ တွေကို တိုက်ရိုက်ထိခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတွေများစွာဖြစ်ပေါ်စေခဲ့ကာ လူ၊ တိရစ္ဆာန် တွေ သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံးမှာလည်း မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အလယ်ပိုင်းဒေသ အချို့မှာတော့ ရေကြီးရေလျှံမှုတွေနဲ့အတူ သီးနှံစိုက်ခင်းတွေ ပျက်စီးမှုတွေ ဖြစ်ပေါ် ခဲ့ပါတယ်။

ဒါပေမဲ့ ဒါဟာ မိုးရာသီကို ရောက်ရှိစေခဲ့တာတော့ မဟုတ်ပါဘူး။ ဒီမုန်တိုင်းအပြီး မှာတော့ တချို့ဒေသတွေမှာ အပူချိန်တွေ ပြန်မြင့်တက်နေပြန်ပါတယ်။ 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့မနက် ၉ နာရီခွဲအချိန်တိုင်းထွာ ချက်ကို ထုတ်ပြန်ထားရာ မှာလည်း ‘လွန်ခဲ့သော(၂၄)နာရီအတွင်း ရန်ကုန်တိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ ပိုင်း)နှင့် မွန်ပြည်နယ် တို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီ ဂရိတ်အထိနှင့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ် တို့တွင် မေလ၏ ပျမ်းမျှ အပူချိန် တို့ထက် (၂)ဒီဂရီ စင်တီဂရိတ်ပိုခဲ့’ တယ်လို့ ဆိုထားပါတယ်။

ဆိုတော့ မြန်မာနိုင်ငံအတွက် မိုးဦးကျရာသီဖြစ်စေပြီး အပူချိန်တွေလုံးဝလျော့ကျ သွားစေမယ့်၊ တောင်သူ လယ်သမားတွေအတွက် ထွန်ရေးတွေ စပြင်ရတော့မယ့် မုတ်သုံမိုးတွေဟာ ဘယ်တော့လောက်ဝင်လာနိုင်မလဲ?

နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းပေး နေသူ ဦးဝင်းနိုင်ကတော့ မုတ်သုံဟာ လာမယ့်တစ်ပတ်အတွင်း ဝင်လာနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

“ မေလ ၂၁၊ ၂၂ လောက်ဆိုရင်ကို တောင်ပိုင်းဒေသတွေဖြစ်တဲ့ မွန်၊ တနင်္သာရီဒေသ တွေိကို ဝင်မယ့်အနေအထားရှိပါတယ်။ ဥပမာအားဖြင့် ထားဝယ်ဆိုပါတော့။ အဲ့ဒီ မှာဆို ၂၃၊ ၂၄ လောက်ကစပြီး အနောက်လေတိုက်တယ်။ ပြီးရင် မိုးဆက်ပြီးရွာလာ မယ်ပေါ့။ ထားဝယ်ထက် တောင်ဘက်ပို ကျတဲ့ မြိတ်မှာဆိုရင်တော့ အဲ့ဒီအချိန်မှာ အနောက်လေပါ ပြင်းလာတော့မယ်။ အဲ့တော့ သူ့ရဲ့အပေါ်ဘက် မော်လမြိုင်လို နေရာမျိုးတွေမှာလည်း ၂၃ ရက်လောက်ကစပြီး မိုးစပြီး ကျလာနိုင်တဲ့အခြေအနေ တွေ့ရတယ်။ နောက် ရန်ကုန်တို့မှာတော့ အဲ့ဒီအချိန်မှာ မိုးစကျနိုင်တဲ့အနေအထား နည်းနေသေးတယ်။ ဒါပေမဲ့ အနောက်လေ၊ အနောက်တောင်လေတွေကတော့ ပြင်းပြင်းတိုက်နေလောက်ပြီ။ နောက်တစ်ခုက ဧရာဝတီတိုင်း ပုသိမ်ဘက်ကို ကြည့်တော့လည်း အဲ့ဒီအချိန်မှာ မိုးရွာနိုင်တဲ့အနေအထား နည်းနေသေးတယ်။ သို့သော် ၂၂ ရက်နေ့လောက် ကစပြီး မိုးရွာ၊ လေတိုက်မျိုးလောက်ကတော့ ရှိမယ်။ အဲ့တော့ ပြောချင်တာက ဘာလဲဆိုတော့ တနင်္သာရီ တိုင်းကို ဝင်မယ့်အနေအထား ကတော့ ၂၂ ဝန်းကျင်လောက်မှာ သေချာတယ်။ မော်လမြိုင်လောက်ထိ မိုးတောက် လျှောက်ဆက်သွားနိုင်တယ်။ ဧရာဝတီနဲ့ ရန်ကုန်ကတော့ လျော့နေသေးတယ်။ မိုးနည်းနေနိုင်သေးတယ်” လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

အခုဖြစ်နေတဲ့ တောင်ဘက်ခြမ်းက ဆိုင်ကလုန်းမုန်တိုင်း FABIEN နဲ့ အိန္ဒိယ တောင်ပိုင်းနဲ့ကြားထဲမှာ အထက် လေပွေလှိုင်းလေးတစ်ခုရယ်၊ ဘန်ဒါအာချေးနား တောင်ပိုင်းရဲ့ အီကွေတာပေါ်တည့်တည့်လောက်မှာ ဖြစ်နေတဲ့ လေပွေလှိုင်းကြီး တစ်ခုရယ်က မြန်မာနိုင်ငံထဲကို မုတ်သုံဝင်နိုင်အောင် အခုအချိန်မှာ တွန်းပေး နေတာဖြစ်တယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။

မုတ်သုံဟာ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကနေ စဝင်လာပြီးနောက် တဖြည်း ဖြည်းနဲ့ အထက်ပိုင်းတွေဆီ ရောက်လာမှာဖြစ်ကာ တစ်ပြည်လုံး အတိုင်းအတာနဲ့ ဆိုရင်တော့ ဇွန် ၅ ရက်၊ ၆ ရက်လောက်မှာ မုတ်သုံဝင်သွားလောက်ပြီးဖြစ်နိုင် တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ ၂၀၂၂ မေ ၁၆၊ ၁၇ လောက်မှာ တနင်္သာရီတိုင်းတစ်ခုလုံးကို မုတ်သုံဝင်စဝင်ခဲ့ပြီး မေ ၁၈၊ ၁၉ မှာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းကိုဝင်ခဲ့တာဖြစ် တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် မေလ ၂၀ ရက်နဲ့ ၃၀ ရက် ကြားမှာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေနဲ့ရခိုင်ကမ်းရိုးတန်းထိ၊ မေ ၃၁ ကနေ ၁ ရက်ကြားမှာတော့ အထက်ပိုင်းဒေသတွေဖြစ်တဲ့ မန္တလေး အထက်ပိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် တို့ထိ ဝင်သွားခဲ့ပြီး ဇွန်လ ၂ ရက်နေ့မှာတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဝင် သွားတာဖြစ်တယ်လို့ သိရပါတယ်။ 

ဆိုတော့ လက်ရှိခန့်မှန်းချက်တွေအရတော့ ဒီနှစ် မုတ်သုံအဝင်ဟာ ပြီးခဲ့တဲ့နှစ်ထက် အနည်းငယ်နောက်ကျနေတာ တွေ့ရပါတယ်။ အဲ့ဒီလို မနှစ်ကထက်စာရင် အခု နှစ်မှာ မုတ်သုံအဝင် နောက်ကျရတဲ့အကြောင်းရင်းကိုတော့ ဦးဝင်းနိုင်က အခုလို ရှင်းပြပါတယ်။

“ ပြီးခဲ့တဲ့နှစ်စောသွားတာက လာနီညာအကျန်ရှိနေလို့။ အခုကတော့ လာနီညာ ဆုတ်သွားပြီ။ အယ်နီညိုမဟုတ်၊ လာနီညာမဟုတ် ကြားနေရာသီဥတု(Neutral) ဖြစ်နေတဲ့အနေအထားဖြစ်တယ်။ ပြီးတော့ Indian Ocean Dipole (IOD) ကလည်း Neutral မှာပဲရှိတယ်။ ဆိုတော့ ရာသီဥတုအစွန်းရောက်ဖြစ်စဉ်တွေဖြစ်တဲ့ အယ်နီ ညို၊ လာနီညာ ကော၊ Indian Ocean Dipole ကော နှစ်ခုစလုံးက Neutral မှာပဲရှိ နေတော့ မုတ်သုံက ပုံမှန်အတိုင်းပဲဝင်တာ”

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့မနက် ၉ နာရီခွဲအချိန်တိုင်း ထွာချက်ကို ထုတ်ပြန်ထားရာမှာတော့ ‘လွန်ခဲ့သော(၂၄)နာရီအတွင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကရင်ပြည် နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက် ကျား မိုးထစ်ချုန်းရွာခဲ့ပါသည်’ လို့ ဆိုထားပါတယ်။ 

ဒါ့အပြင် မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာလည်း ‘စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည် နယ်တို့ တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက် ကျား မိုးထစ်ချုန်းရွာမည်’ လို့ မိုးဇလ က ခန့်မှန်းထားတာတွေ့ရပါတယ်။ 

ဆိုတော့ တချို့ဒေသတွေမှာတော့ အခုအချိန်မှာကတည်းက မိုးရွာသွန်းမှုအချို့ ရှိနေတဲ့ သဘောဖြစ်ပါတယ်။ ဒါပေမဲ့ မုတ်သုံမိုးတွေတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မိုးရာသီဖန်တီးပေးမယ့် မုတ်သုံမိုးတွေရဲ့ ရောက်ရှိလာနိုင်ချိန်ဟာ မကြာတော့တဲ့ အချိန်အတွင်းမှာဖြစ်လာတော့မှာလို့ ဦးဝင်းနိုင်က ခန့်မှန်းလိုက်ပါကြောင်း…

#အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်။