နာမည်ကြီးနေတဲ့ ကျောက်မဲမြို့က ရေတံခွန်မှာ အမျိုးသမီးတစ်ဦး ကားပေါ်ကပြုတ်ကျသေဆုံးခဲ့

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းငေါ့မြို့နယ်မှာ အမျိုးသမီးတစ်ဦး လိုက်ပါစီးနင်းလာတဲ့ ကားပေါ်ကနေ ပြုတ်ကျသေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းများထံက သိရပါတယ်။

အောက်တိုဘာလ ၁၇ရက်နေ့က ကျောက်မဲ-မိုင်းငေါ့ကားလမ်းမှာ အသက် ၄၀နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး ကားပေါ်ကနေ ပြုတ်ကျသေဆုံးခဲ့တာဖြစ်ပါတယ်။

“သူတို့က ရောဂါပျောက်တယ်ဆိုပြီး နာမည်ကြီးနေတဲ့ ရေတံခွန်မှာ ရေသွားချိုးပြီး အပြန်ပေါ့ အဲ့မှာ ကားပေါ်ကနေ ပြုတ်ကျတာ။ စုစုပေါင်း ၄ဦးပြုတ်ကျတာမှာ ၁ဦးသေသွားတာပါ”လို့ ဒေသခံများက ဆိုထားပါတယ်။

ရောဂါပျောက်တယ်ဆိုပြီး နာမည်ကြီးနေတဲ့ ကျောက်မဲမြို့က ရေတံခွန်မှာ ရေချိုးပြီးအပြန် ၁၃မိုင်ကွေ့နားမှာ ကားနောက်ဖုံးချည်ထားတဲ့ကြိုး ပြတ်သွားပြီး ၄ဦးပြုတ်ကျခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကားပေါ်ကပြုတ်ကျသူ ၄ဦးအနက် ကျန် ၃ဦးမှာ ပွန်းပဲ့ဒဏ်ရာမျှသာ ရရှိခဲ့ပြီး အသက် ၄၀နှစ်အရွယ်ရှိ ဒေါ်မြတ်ထွန်းမှာ အခင်းဖြစ်ပွားနေရာမှာပဲ သေဆုံးသွားခဲ့ကာ ရုပ်အလောင်းကို ကျောက်မဲသုဿာန်သို့ ပို့ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။