ရုပ်ဆိုးလှတဲ့ ပဥ္စပါပီ

ပဥ္စပါပီဆိုတာ ဗာရာဏသီမြို့သူလေးဖြစ်ပါတယ်။
သူမဟာ ဆင်းရဲသားတစ်ဦးရဲ့ သမီးလေးပေါ့။ စေတနာထက်ထက်သန်သန်နဲ့ ပစ္စေကဗုဒ္ဓါအရှင်မြတ်အား ရွှံ့လှူဒါန်းခဲ့သူတစ်ယောက်ပါ။ သူမသေတဲ့အခါမှာလည်း ဆင်းရဲတဲ့မိန်းမရဲ့ ဝမ်းမှာပဲ သန္ဓေတည်ခဲ့ပါတယ်။ ပဥ္စပါပီဟာ ပစ္စေကဗုဒ္ဓါမထေရ်မြတ်အား ရွှံ့လှူခဲ့တဲ့အတွက်ကြောင့် သူမရဲ့ ကိုယ်အထိအတွေ့က ထူးခြားလှပါတယ်။ သို့ပေမယ့်လည်း အရှင်မြတ်အား စိတ်ဆိုးမာန်ဆိုးကြည့်ခဲ့တဲ့အတွက် ခြေ လက် နား နှာ စတဲ့ အင်္ဂါအစိတ်အပိုင်းများဟာ ရုပ်ဆိုးလှပါတယ်။ အဲဒီလို လက် ခြေ ပါးစပ် နှာခေါင်းစတဲ့ အစိတ်အပိုင်းများ ရုပ်ဆိုးအကျဉ်းတန်လှတဲ့အတွက်ကြောင့် လူအများက ပဥ္စပါပီလို့ နာမည်တပ်ပြီး ခေါ်လေ့ရှိကြပါတယ်။ ဗာရာဏသီမင်းတောင်မှ သူမရဲ့ အတွေ့အထိကို
ယစ်မူးသွားပါတယ်။ မင်းကြီးဟာ ပဥ္စပါပီအတွက်ကြောင့် မအိပ်နိုင်မစားနိုင်ဖြစ်ပြီး မိဘများဆီ ခွင့်တောင်းကာ လက်ထပ်လိုက်ပါတယ်။ လူတိုင်းဟာ သူမကို မြင်ရတဲ့အခါ အလွန်စက်ဆုပ်ရွံရှာကြပါတယ်။ သို့ရာတွင် သူမရဲ့ အထိအတွေ့ကို ခံရတဲ့အခါမှာ လူတိုင်းဟာ ပဥ္စပါပီကို စွဲမက်သွားကြပါတယ်။ အရူးအမူးဖြစ်သွားကြပါတယ်။ ထို့နောက် မင်းကြီးက သူမအား ဘိသိက်သွန်းကာ မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်ခဲ့ပါတယ်။ တညမှာတော့ သူမဟာ မင်းနှစ်ပါးတိုရဲ့ မိဖုရားခေါင်းကြီး ဖြစ်လိမ့်မယ်လို့ အိပ်မက်မက်ခဲ့ပါတယ်။ အိပ်မက်ကို မင်းကြီးအား ပြောပြရာ နိမိတ်ဖက်သူများက မင်းကြီးအသက်အန္တာရာယ်ဖြစ်ကြောင်း လျှောက်တင်ကြပါတယ်။ မင်းကြီးလည်း နိမိတ်ဖက်သူများရဲ့ အကြံပေးချက်အရ သူမကို လှေပေါ်တင်ကာ မြစ်ထဲသို့ ပစ်ချခဲ့ပါတယ်။ ဒီလိုနဲ့ သူမဟာ မြစ်ကြောင်းအတိုင်း စီးမြောရင်း ဗာဝတီမင်းကြီးနဲ့ ဆုံကြပါတယ်။ ဗာဝတီမင်းကြီးလည်း သူမရဲ့ အထိအတွေ့ကို မခံနိုင်ဖြစ်ကာ နောက်ဆုံးတွင် မိဖုရားခေါင်းကြီးအဖြစ် တင်မြှောက်လိုက်ပါတော့တယ်။

ဗာဝတီမင်းကြီးဟာ ပဥ္စပါပီကို အသက်တမျှ ချစ်မြတ်နိုးသူ ဖြစ်ပါတယ်။ ထိုသတင်းကို ဗကမင်းကြီး ကြားရတဲ့အခါမှာ ပဥ္စပါပီကို ပြန်ပေးမှားလား သိုမဟုတ် စစ်ထိုးမှာလားဟု ဗာဝတီမင်းကြီးထံ ရာဇသံပေးပါတယ်။ ဗာဝတီမင်းကြီးကလည်း စစ်သာထိုးမယ်။ မယားကိုတော့ မပေးနိုင်ပါဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။ ထိုနောက် နှစ်ဖက်မှာရှိကြတဲ့ အမတ်များက မင်းကြီးတို့ မိန်းမကိစ္စနဲ့တော့ အသက်အသေမခံသင့် ကြောင်း၊ ပဥ္စပါပီအား ခုနှစ်ရက်စီ အလှည့်ကျ မိဖုရားပြုကြဖို့ ဖြန်ဖြေကြပါတယ်။ မင်းနှစ်ပါးလည်း အမတ်များရဲ့ စကားကို သဘောတူ လက်ခံကြတဲ့အတွက် စစ်မထိုးဖြစ်ကြတော့ပါဘူး။

မောင်သစ္စာ-မြင်းမူ