၂ဝ၂၂ ခုနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် (၁)ရက်လျှင် လူ(၇)ဦးနှုန်းသေဆုံးခဲ့

၂ဝ၂၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်တာအတွင်း မြန်မာတစ်နိုင်ငံလုံး၌ ယာဉ်တိုက်မှုပေါင်း (၅၆၃၁)မှု ဖြစ်ပွားခဲ့ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အသိပေးထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါယာဉ်တိုက်မှုများကြောင့် လူဦးရေ(၂၇၉၅)ဦး ထိခိုက်သေဆုံးခဲ့ကာ (၇၈၅၃) ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုထားသည်။

ထို့ကြောင့် နှစ်တစ်နှစ်၏ (၃၆၅)ရက်ဖြင့် ပျှမ်းမျှတွက်ကြည့်ပါက မြန်မာနိုင်ငံတွင် (၁)ရက်လျှင် ယာဉ်တိုက်မှုပေါင်း (၁၅)မှုနှုန်းဖြစ်ပွားကာ (၇)ဦးသေဆုံးပြီး (၂၁)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူဆနိုင်သည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်များအနက် ရန်ကုန်တိုင်းအတွင်း၌ ယာဉ်တိုက်မှုဖြစ်စဉ်ပေါင်း(၉ဝဝ)ကျော်ဖြင့် တစ်နိုင်ငံလုံးတွင် အများဆုံးဖြစ်ပွားခဲ့ပြီး ဒုတိယအများဆုံးသည် ဧရာဝတီတိုင်းဖြစ်ပြီး ယာဉ်တိုက်မှုပေါင်း (၈ဝဝ)နီးပါး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော ၂ဝ၂၁ ခုနှစ် တစ်နှစ်ပတ်လုံးကာလ၌ မြန်မာနိုင်ငံတွင် ယာဉ်တိုက်မှုပေါင်း (၆၄၂ဝ)မှုဖြစ်ပွားခဲ့ကာ လူဦးရေ (၃ဝ၅၈)အထိ သေဆုံးခဲ့ပြီး (၈၃၁၁)အထိ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များက ဆိုထားသည်။

Credit to မျိုးကြီး (NP News)