ယူကရိန်းရှိ ရုရှားထိန်းချုပ်ထားသည့် ဒေသများတွင်နေထိုင်သူ ၁.၅ သန်းခန့်ကို ရုရှားနိုင်ငံက နိုင်ငံကူးလက်မှတ်ထုတ်ပေး

              ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ ဒွန်းတက်ခ် (Donetsk)၊ လူဟန့်ခ် (Luhansk)၊ ဇာပိုရေးဇီးယား (Zaporizhzhia)နှင့် ခါဆွန် (Kherson) ဒေသများရှိ ရုရှား နိုင်ငံကထိန်းချုပ်ထားသောအစိတ်အပိုင်းများတွင် နေထိုင်သူလူပေါင်း ၁.၅ သန်းခန့်ကို နိုင်ငံကူးလက်မှတ်ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း ရုရှားဝန်ကြီးချုပ် မီခေးလ်မီရှုစတင် (Mikhail Mishustin) က ပြောကြားခဲ့သည်ဟု Asiaone သတင်းဌာနက မေလ ၃၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ မေလ ၃၀ ရက်တွင် ကျင်းပခဲ့သော အစိုးရအစည်းအဝေးတစ်ရပ်တွင် ဝန်ကြီးချုပ် မီရှုစတင်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါဒေသများတွင် နေထိုင်သူ လူဦးရေ ၁.၆ သန်းခန့်ကို ပင်စင်ခံစားခွင့်များပေးအပ်ခဲ့ကြောင်းနှင့် လူဦးရေ ၁.၅ သန်းခန့်သည် လူမှုဖူလုံရေးအကျိုးခံစားခွင့်များရရှိခဲ့ကြောင်း ၎င်းက အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။ သို့သော် ရုရှားကထိန်းချုပ်ထားသော ခရိုင်းမီးယားဒေသ၊ ပင်လယ်နက်ကျွန်းဆွယ်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ထည့်သွင်းပြောကြားခဲ့ခြင်းမရှိကြောင်း ၎င်းသတင်းဌာနက ဖော်ပြထားပါသည်။

၎င်းတို့ထိန်းချုပ်ထားသော အထက်ပါဒေသများကို ရုရှား၏ ဒေသအသစ်များ အဖြစ် ရုရှားအာဏာပိုင်များက သတ်မှတ်ထားပြီး အဆိုပါဒေသများတွင် နေထိုင်သူ များကို ရုရှားနိုင်ငံသားခံယူခွင့်ပေးအပ်မည့် အမိန့်တစ်ရပ်ကို ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) က ဧပြီလတွင် လက်မှတ်ရေးထိုးခဲ့ကာ ဥပဒေအား လိုက်နာ ဆောင်ရွက်ခြင်းမရှိသူများကို ပြည်နှင်ဒဏ်ချမှတ်အရေးယူမည်ဖြစ်ပါသည်။ သို့သော် ရုရှားက ၎င်း၏ပိုင်နက်အဖြစ် ပြီးခဲ့သည့်စက်တင်ဘာလတွင် ကြေညာခဲ့သော အဆိုပါ ဒေသများကို ရုရှားအနေဖြင့် အပြည့်အဝထိန်းချုပ်ထားနိုင်ခြင်းမရှိသည့်အပြင် နိုင်ငံတကာ အသိအမှတ်ပြုမှုလည်း မရရှိခဲ့ကြောင်း သတင်းဌာနက ဖော်ပြထားပါသည်။ တစ်ဖက် တွင်လည်း ယူကရိန်းသည် ခရိုင်းမီးယားဒေသအပါအဝင် ရုရှားထိန်းချုပ်ထားသော နယ်မြေအားလုံးကို ပြန်လည်ရယူမည်ဖြစ်ကြောင်းနှင့် ရုရှားသည် ၎င်း၏နိုင်ငံသားများကို ရုရှားနိုင်ငံသားအဖြစ်ခံယူရန် ခြိမ်းခြောက်လုပ်ဆောင်နေကြောင်း စွပ်စွဲပြောကြားခဲ့သည်ဟု သိရှိရပါသည်။