ထိုင်းရွေးကောက်ပွဲအနိုင်ရပါတီများ ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေးအတွက် ကြိုးပမ်းရုန်းကန်နေရ

              ထိုင်းနိုင်ငံ၌ ပြီးခဲ့သည့်မေလ ၁၄ ရက်တွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီးနောက် အနိုင်ရပါတီများက ညွန့်ပေါင်းအစိုးရဖွဲ့စည်းရန် ကြိုးပမ်းလျက် ရှိကြောင်း NHK သတင်းဌာနက မေလ ၃၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ သို့သော် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အဓိကအတိုက်အခံပါတီ ၂ ခုအကြား သဘောထား ကွဲလွဲမှုများဖြစ်ပေါ်လျက်ရှိခြင်းကြောင့် ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေးအတွက် နှောင့်နှေး မှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ ထို့ပြင် လွှတ်တော်၏ အဓိကနေရာဖြစ်သော အောက် လွှတ်တော်ဥက္ကဋ္ဌနေရာရရှိရေးအတွက် ရွေးကောက်ပွဲတွင် မဲအများဆုံးရရှိခဲ့သည့် Move Forward ပါတီနှင့် ဒုတိယနေရာမှ ရပ်တည်ခဲ့သည့် Pheu Thai ပါတီတို့က ပြိုင်ဆိုင်လျက် ရှိသဖြင့် အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။

              အတိုက်အခံပါတီ ၈ ခုမှ ခေါင်းဆောင်များသည် မေလ ၃၀ ရက်တွင် ပုဂ္ဂိုလ်ရေး ဆိုင်ရာကိစ္စရပ်များအပေါ် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။ အောက်လွှတ်တော်ဥက္ကဋ္ဌ နေရာရရှိရေးနှင့်ပတ်သက်၍ ညွန့်ပေါင်းအစိုးရဖွဲ့စည်းမည့်အပေါ် သက်ရောက်စေမည် မဟုတ်ကြောင်း Move Forward ပါတီဥက္ကဋ္ဌ ပီတာလင်ဂျာရွန်ရတ် (Pita Limjaroenrat) က  ဆွေးနွေးမှုပြီးနောက် ကြေညာခဲ့ပါသည်။ ထို့ပြင် Move Forward နှင့် Pheu Thai ပါတီ တို့သည် ရှေ့ဆက်လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်အပေါ် အတူတကွစဉ်းစားသုံးသပ်သွား မည်ဟု သဘောတူညီခဲ့ကြပါသည်။ ညွန့်ပေါင်းအစိုးရ ဆက်လက်ဖွဲ့စည်းရေးအတွက်လည်း မဟာမိတ်ပါတီ ၈ ခုတို့သည် ပြီးခဲ့သည့်သီတင်းပတ်တွင် နားလည်မှုစာချွန်လွှာတစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ကြပါသည်။ သို့သော်လည်း သဘောတူညီမှုထုတ်ပြန်ခဲ့သည့်အချိန် မှစ၍ Move Forward နှင့် Pheu Thai ပါတီတို့အကြား သဘောထားကွဲလွဲမှုများ ပိုမို မြင့်တက်လျက်ရှိပြီး Pheu Thai ပါတီအား ထောက်ခံသူအချို့သည် ၈ ပါတီ မဟာမိတ် အဖွဲ့မှ နုတ်ထွက်ရေးကိုပင် တောင်းဆိုခဲ့ကြကြောင်း သိရှိရပါသည်။