တူရကီငလျင်မှ တစ်ပတ်ကြာ ပိတ်မိနေတဲ့ ကလေးငယ်နှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့

လူပေါင်း ၃၆,၀၀၀ ကျော် သေဆုံးခဲ့တဲ့ တူရကီငလျင်လှုပ်ခတ်ပြီးနောက် ရက်သတ္တတစ်ပတ်အကြာ ဖေဖော်ဝါရီ ၁၃ ရက်မှာ အဆောက်အအုံတစ်ခုလုံး အပျက်အစီးထဲကနေ မိန်းကလေးငယ်တစ်ဦးကို အသက်ရှင်လျက်သား ဆွဲထုတ်ကယ်ဆယ်နိုင်ခဲ့ပါတယ်။

တူရကီနိုင်ငံ၊ အဒီယာမန်ဒေသမှာ ရှာဖွေတွေ့ရှိခဲ့ရတဲ့ မီရေး Miray ဆိုတဲ့ မိန်းကလေးငယ်ကို ကယ်ဆယ်ရေးသမားတွေက ထမ်းစင်ပေါ်တင်ပြီး ကယ်ဆယ်ခဲ့ပုံကို အခင်းဖြစ်ပွားရာကနေ ဗီဒီယိုထုတ်လွှင့် ပြသခဲ့ပါတယ်။

တူရကီအစိုးရတာဝန်ရှိသူတွေက အဲဒီမိန်းကလေးဟာ အသက် ၄ နှစ်ရှိပြီလို့ အစောပိုင်းမှာ ပြောကြားခဲ့ပေမဲ့ နောက်ပိုင်းမှာ မီဒီယာတွေက သူမရဲ့အသက် ၆ နှစ်ဖြစ်ကြောင်း ထုတ်လွှင့်ခဲ့ကြပါတယ်။ “နောက်ဆုံးအသက်ကို မကယ်ပြီးမချင်း မရပ်လိုက်နဲ့” ဆိုပြီးတော့ မီရေးကို ကယ်ဆယ်နေပုံဗီဒီယိုဖိုင်ကို လွှင့်တင်ထားတဲ့ Turkish Coal Enterprises ရဲ့ တွစ်တာ တရားဝင်စာမျက်နှာက ရေးသားထားပါတယ်။