AA ရဲ့လွတ်မြောက်နယ်မြေ (သို့) ရခိုင်ဒေသခံတွေရဲ့ မကျွတ်မလွတ်သောငရဲ

မြောက်ဦး၊ မင်းပြား၊ ကျောက်တော်ဘက်က ရခိုင်ဒေသခံတွေ ရင်ဖွင့်ဆက်သွယ်ပြောပြလာတဲ့ အကြောင်းအရာတွေကို အခြေခံပြီး ပြောပြပေးမှာပါ။

အပေါ်ကပြောထားတဲ့မြို့တွေမှာ AA က သူတို့ရဲ့လွတ်မြောက်နယ်မြေဖြစ်ပြီ သူတို့အုပ်ချုပ်လို့ရပြီဆိုပြီး ယခင်ကောက်နေကြ တစ်လလျှင် တစ်အိမ်ထောင်စု မထည့်မနေရ AA ရံပုံငွေ(ဆက်ကြေး) ၃ သောင်းကျပ် (ယခင် ၃၀၀၀ ကျပ်)၊ ဈေးဆိုင်ငယ်တစ်ဆိုင်လျှင် ၅ သောင်းကျပ် (ယခင် ၁ သောင်း)၊ ဈေးဆိုင်အကြီး တစ်ဆိုင်လျှင် ၃ သိန်းကျပ်(ယခင် ၁ သိန်းကျပ်)၊ ယာဉ်ငယ်ပိုင်ဆိုင်ပါက ၅ သောင်းကျပ်(ယခင် ၁ သောင်း ကျပ်)၊ ယာဉ်ကြီးပိုင်ဆိုင်ပါက ၁ သိန်းကျပ်(ယခင် ၃ သောင်းကျပ်) အတင်းအဓမ္မတောင်းယူနေတဲ့အပြင် အစိုးရကောက်ခံနေတဲ့ပုံစံအတိုင်း စည်ပင်ခွန်၊ မြေခွန်၊ လယ်ခွန် ဆိုတာတွေပါ တောင်းနေလို့ ထိုဒေသ တွေမှာ နေထိုင်နေသူတွေအနေနဲ့ ၎င်းတို့ဖမ်းဆီးနှိပ်စက်မခံရရေးအတွက် ရှိတာတွေ ပေါင်နှံရောင်းချပြီး ပေးနေကြရတယ်လို့ ဆိုတယ်။

ဒါအပြင် တစ်အိမ်တစ်ယောက် AA ထဲမဝင်မနေရ၊ မဝင်ရင်လည်း ၁၀ သိန်းတောင်း၊ ဝင်ကြပြန်ရင်လည်း AA ရဲဘော်တွေလစာအတွက်ဆိုပြီး တစ်အိမ် ၅၀၀၀ ကျပ်နှုန်းတောင်းတယ်၊ ဘာမှမပေးဘူးလား ရခိုင့်နိုင်ငံ တော်သစ္စာဖောက်ဆိုပြီး ဖမ်းဆီးနှိပ်စက်တာတွေ၊ ငွေပေးမှလူလွတ်ပေးတာတွေကို ပါးစပ်ဥပဒေတွေနဲ့ သေနတ်ကိုင်ရမ်းကား လုပ်ချင်တာတွေလုပ်နေကြတယ်။ ဒါကဒေသခံတွေရဲ့ လက်ရှိနေထိုင်နေရတဲ့ဘဝ။

သူတို့ထိုနယ်မြေတွေစရတဲ့အချိန်မှာ ထိုနေရာတွေက လွတ်မြောက်နယ်မြေဖြစ်သွားပြီ၊ ULA/AA အနေနဲ့ ကုလားတန်မြစ် စီမံကိန်းကို ထိန်းချုပ်နိုင်ပြီ၊ ကျောက်တော် – ပလက်ဝ – မီဇိုရမ်(အိန္ဒိယနယ်စပ်မြို့) လမ်းကြောင်းထိချုပ်နိုင်ပြီ၊ မီဇိုရမ်အမတ်(အစိုးရအမတ်မဟုတ် အတိုက်အခံပါတီ ကိုယ်စားလှယ်) တောင် လမ်းဖောက်တာလာကြည့်ပြီး ကုန်သွယ်စီးဆင်းမှု လုပ်နိုင်ပြီ၊ ရခိုင်ပြည်သူတွေအနေနဲ့ ရန်ကုန် – မန္တလေး တို့ကိုမပြေးဘဲ သူတို့ဆီလာကြပါဆိုပြီး မီဒီယာတွေကနေ လူအထင်ကြီးအောင် နိုင်ငံရေးဆိုဘာမှမသိတဲ့ ဒေသခံရခိုင်တွေကို လိမ်လည်ခဲ့တယ်၊ အခုအိန္ဒိယအစိုးရဘက်က ကုန်စည်စီဆင်းမှုတွေ တားမြစ်လိုက် တာရယ်၊ AA ရှိရာနေရာတွေကို ပြည်တွင်းကနေသွားတဲ့လမ်းကြောင်းတွေ ထိန်းချုပ်ထားတာရယ်ကြောင့် အဆိုပါနေရာတွေမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေ မြင့်တက်လာသလို အချို့ကျေးရွာတွေမှာဆို ဆန်တွေပြတ် နေသလို ငတ်လို့သေတဲ့ သူတွေပါ ရှိနေတယ်လို့ သိရတယ်။ ဆေးဝါးတွေပြတ်မပြတ်တော့မသိဘူး အချို့ အမျိုးသမီးတွေဆို လစဉ်သုံးတွေတောင် မသုံးနိုင်ကျရတော့လို့ ထမိန်ခါးတောင်းကျိုက်ပြီး နေရတဲ့အဆင့်..။

သောက်သုံးရေပြတ်လို့ ဝမ်းရောဂါတွေဖြစ်၊ ရာသီတုတ်ကွေးဖြစ်တဲ့သူတွေ စစ်တွေမြို့ပေါ် သွားလို့ရမယ် ထင်လား သူတို့နေတဲ့နေရာတွေ ဗုံးလာမကြဲအောင်(လူသားတံတိုင်းလုပ်ထား)၊ သူတို့ကို ထမင်းကျွေးမယ့် သူ/ ငွေပေးမယ့်သူမရှိမှာစိုးလို့ ထွက်ပြေးတဲ့သူတွေကို လမ်းမှာ မိသားစုလိုက်ဖမ်းဆီးတာတွေလုပ်နေတယ်၊ ပြီးခဲ့တဲ့ (၃)ပတ်လောက်က ကျောက်တော်ကနေ စစ်တွေကို စက်လှေနဲ့လာတဲ့ AA ဘေးရှောင်အဖွဲ့တွေဆို စက်လှေရပ်ခိုင်းတာမရပ်လို့ဆိုပြီး ပစ်မြုပ်တဲ့အဆင့်ထိကို လုပ်လာတယ်လို့ သိရတယ်၊ ဒေသခံတွေရဲ့ အတွေးမှာ လွတ်မြောက်နယ်မြေဆိုတာ ပါးစပ်ထဲမှာပဲရှိတယ်၊ စစ်တပ်ကအချိန်မရွေးပြန်လုပ်နိုင်တယ်၊ လေယာဉ်နဲ့ ဗုံးလာကြဲနိုင်တယ်ဆိုတဲ့ အသိတရားတွေရလာတဲ့အချိန်မှာ သူတို့တွေ ဘာမှလုပ်မရကြတော့ဘူး။

လက်ရှိ AA ရှိတဲ့နေရာကမြို့တွေမှာ AA ပညာရေးတာဝန်ခံဆိုသူတွေက အစိုးရပညာရေးဝန်ထမ်း သစ္စာဖောက်တွေနဲ့ပေါင်းပြီး ကလေးတွေကို တပ်သားသစ်စုဆောင်းလာတာတွေ ရှိနေတယ်၊ ကလေးတွေ ကျောင်းထွက်လက်မှတ် လာလုပ်တာနဲ့ AA ဆီ သတင်းပို့ခိုင်းတယ်၊ အသက် (၁၀)နှစ်အောက်တွေဆို ကျောင်းထွက်လက်မှတ်တစ်ခု ၅ သိန်းကနေ ၁၀ သိန်းကြားတောင်းရမ်းနေပြီး အသက် (၁၄)နှစ်ကျော် ကလေးငယ်တွေကို တပ်သားသစ်အဖြစ် အတင်းအဓမ္မစုဆောင်းခြင်း (အာရက္ခပညာရေးကျောင်း တက်ခိုင်းမည်ဟု လိမ်လည်ကာ AA စစ်သင်တန်းကျောင်း ပို့နေတာဟုသိရ)၊ သူတို့ကျောင်းမတက်ရောက်လိုပါက ၁၀ သိန်းမှ သိန်း ၂၀ ကြားတောင်းရမ်းခြင်းများ ပြုလုပ်နေတယ်လို့ စိတ်မကောင်းစွာကြား သိရတယ်။

နောက်တစ်ခုက ပြီးခဲ့တဲ့လပိုင်းက မြောက်ဦးနဲ့ ကျောက်တော်က AA စစ်သင်တန်းပေးနေတဲ့နေရာ ဗုံးကြဲခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး သင်တန်းသူ/သားတွေ ကျောက်တော်မြို့ကို အုံလိုက်ကျင်းလိုက် ပြန်ပြေးခဲ့တယ်၊ AA စစ်သင်တန်းပေးတဲ့ သူတွေက သစ္စာဖောက်တွေဆိုပြီး အနောက်ကနေ ကားနဲ့လိုက် ပစ်သတ်လို့ စုပေါင်းမသာပွဲ လုပ်ခဲ့ကြရတယ်၊ “ထိုးစစ်များနှင့် စခန်းသိမ်းတိုက်ပွဲများအတွင်း အသက်၊ ကိုယ်လက်အင်္ဂါများကို ပေးဆပ်စွန့်လွှတ်ခဲ့ရသော အာရက္ခစစ်သည်တော်များအား လေးနက်စွာ မှတ်တမ်း တင်ရှိတယ်” ဆိုတဲ့ စာရဲ့နောက်ကွယ်မှာ ဘဝအာမခံချက်မရှိ၊ မိသားစုတွေဘဝပျက်တာတွေကို သိလာကြတဲ့လူငယ်တွေဟာ ၎င်းတို့ရှိရာနေရာတွေကို မသွားကြတော့ဘဲ ရရာလမ်းကြောင်းတွေကနေ ပြည်တွင်းနဲ့ ပြည်ပကို ထွက်ခွာနေကြတယ်။

ဒါတွေက ရခိုင်တွေရဲ့ဘဝ အခြားလူမျိုးတွေရဲ့ဘဝဆို စဉ်းစားသာကြည့်တော့၊ ကျနော်ကို ဟိုနေရာ ဗုံးကြဲပေးပါ၊ ဒီနေရာဗုံးကြဲပေးပါဆိုပြီး လာတောင်းဆိုနေကြတာ အများစုက သတင်းမပေးခင်မှာ သူတို့ရဲ့ဘဝတွေ ဒီလိုဖြစ်နေပြီဆိုပြီး နာကြည်းချက်တွေနဲ့ လာပေးနေကြတာ၊ သူတို့တွေထောက်ခံခဲ့တာ မှားမှန်းသိပြီဆိုပြီး AA အဖွဲ့တွေ မနေရဲအောင် လာပေးနေကြတာ။

AA နဲ့ AA ထောက်ခံသူတွေ ဘယ်လိုပဲလွတ်မြောက်နယ်မြေလို့ အော်အော် သေချာတာတစ်ခုကတော့ ထိုနယ်မှာနေတဲ့ ဒေသခံတွေဟာ မကျွတ်မလွတ်သော ငရဲဘဝကို ရောက်နေပြီဆိုတာတော့ အသေအချာ ပဲဆိုတာ………။

MinChitOo