မြန်မာရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို လက်ဆင့်ကမ်းအမွေပေးလာခဲ့တဲ့ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာ

မြန်မာလူမျိုးဆိုသည်က ရှေးယခင်ကပင် ကိုယ်ပိုင်ဟန်/ကိုယ့်ပိုင်ယဉ်ကျေးမှုများဖြင့် နေထိုင်လာကြသည့် လူမျိုးများဖြစ်ပါတယ်။ ၁၂ လ ရာသီအလိုက်ပွဲတော်များရှိပြီး ၎င်းပွဲတော်များအတွင်း လူကြီး/လူငယ်မရွေး ပါဝင်ဆင်နွဲလျက်ရှိကြသလို …တိုင်းတစ်ပါးသား များလည်း မြန်မာရိုးရာယဉ်ကျေးမှုပွဲများကို စိတ်ဝင် တစား လာရောက်လေ့လာပြီး ပါဝင်ဆင်နွဲလျက်ရှိကြပါတယ်။

အချို့သော မြန်မာရိုးရာ ယဉ်ကျေးမှုများသည် အကြောင်းကြောင်းကြောင့် မှေးမှိန်လာခဲ့ရပါတယ်။ ဒီအထဲမှာမှ ခေတ်အဆက်ဆက် မြန်မာရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းလာခဲ့တဲ့ရွာလေးကတော့ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ထဲက ရေပုတ်ကြီးရွာလေးကတော့ ယနေ့ထက်တိုင် သတင်းကောင်းလေးတွေနဲ့ မွေးပျံလျက်ရှိနေပါတယ်။ ၎င်းကျေးရွာမှာရှိတဲ့ ရိုးရာယဉ်ကျေးမှုများနဲ့ ဆံရစ်ဝိုင်း ဆင်ယင်ထုံးဖွဲ့မှု ဓလေ့များကို အာဆီယံနိုင်ငံများ၊ တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် အနောက်နိုင်ငံများကပါ လာရောက်လေ့လာလျက်ရှိပါတယ်။

ဆံရစ်ဝိုင်းထုံးဖွဲ့မှု အသက် ၅ လအရွယ်မှစတင်ကာ ယောကျာ်းလေး၊ မိန်းကလေး အကုန်ထားကြပြီး ဆံရစ်ဝိုင်းထားသူဦးရေ ၇၀၀ ခန့်ရှိကြောင်းသိရှိရပါတယ်။ ရိုးရာယဉ်ကျေးမှု အမွေအနှစ်အဖြစ် ဆံရစ်ဝိုင်း ထုံးဖွဲ့မှုကို ၅ မျိုးထားရှိကြပြီး လသားအရွယ် ဦးစမုတ်ပုံစံ၊ အသက် သုံးနှစ်မှ လေးနှစ် ကြက်တောင်စည်း၊ အသက် ငါးနှစ်မှ ခြောက်နှစ်အတွင်း ဆံရစ်ဝိုင်း အသက် ၁၆ နှစ်တွင် ဂျပန်ဆံတောက်ပုံစံနှင့် အသက် ၁၇ မှ ၁၈ အရွယ်တွင်နောက်ကောက်ပုံစံ ထုံးဖွဲ့ထားကြပါတယ်။ ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းက ဆံရစ်ဝိုင်းထားခဲ့ကြသည်ဟု ယူဆရပြီး ဆံရစ်ဝိုင်း အမျိုးသမီးအဖွဲ့အစည်းများကို ၂၀၁၅ ခုနှစ်စတင်ဖွဲ့စည်း၍  ဓလေ့ထုံးစံများ မပျောက်ပျက်အောင် ကျေးရွာရပ်မိရပ်ဖများနှင့် ကျေးရွာသူ/ကျေးရွာသားများမှ ဝိုင်းဝန်း၍ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါတယ်။

ရေပုတ်ကြီးရွာ၏ အခြားသောထူးခြားသောနေရာများ အနေဖြင့်ငှက်အစာဇလုပ်ပုံစံ ရေကန်ကြီးနှင့် ရှေးမြန်မာ ဘုရင်များတည်ထားကိုးကွယ်ခဲ့သော ကိုးတောင်ပြည့်စေတီနှင့် အခြားသော မြန်မာ့ရိုးရာ ဓလေ့ထုံးစံများနှင့် ရိုးရာယဉ်ကျေးမှများကို ထိန်းသိမ်းလျက်ရှိတဲ့ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာကိုလည်း သွားရောက်လေ့လာသင့်ကြောင်း အကြုံပြုလိုက်ရပါတယ်။