မြ၀တီမြို့မှာ တစ်လကျော်ကြာပျောက်ဆုံးနေတဲ့ ကလေးငယ်ကို ပြန်တွေ့ပြီ

ကရင်ပြည်နယ်၊မြ၀တီမြို့မှာ တစ်လကျော်ကြာပျောက်ဆုံးနေတဲ့ ကလေးငယ်ကိုပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း မြို့ခံလူမှုကူညီရေးပရဟိတသမားတွေနဲ့ ကာယကံရှင်မိသားစုဝင်တွေထံကနေ သိရပါတယ်။

အဲ့ဒီပျောက်ဆုံးသွားခဲ့တဲ့ ကလေးငယ်ကို သထုံမြို့မှာနေထိုင်တဲ့ အဖွားဖြစ်သူက သူရဲ့မြေးအရင်းကို ဖခင်အရင်းထံပြန်ပေးရမှာကို စိုးရိမ်ပြီး လယ်တောထဲက တဲအိမ်လေးမှာ မြေးဖွားနှစ်ယောက် တစ်လကြာအောင်ပုန်းအောင်းနေထိုင်ခဲ့ကြတာဖြစ်တယ်လို့ ကလေးငယ်ကို ဖခင်နဲ့အတူသွားရောက်ရှာဖွေခဲ့တဲ့ ပရဟိသမားတစ်ဦးက ပြောပါတယ်။

“ကလေးသတင်းကိုကြားကြားချင်းမှာ ကလေးဖခင်နဲ့အတူ မွန်ပြည်နယ်၊သထုံမြို့နယ်၊ ကျိုက်ကော် ကျေးရွာရထားသံလမ်းအနီးမှာရှိတဲ့ ကလေးငယ်ရှိရာကိုသွားရောက်ခဲ့ပါတယ်။ကလေးဖခင်အရင်းနဲ့ကလေးမိခင်ဘက်ပါ အဖွားအရင်းတို့မျက်နှာချင်းဆိုင်တွေ့ခဲ့ကြပါတယ်။ကျွန်တော်တစ်ဦးထဲ ကလေးဖခင်အရင်းနဲ့အဖွားအရင်းတို့ကြား ညှိနှိုင်းအဖြေရှာပေးခဲ့ရပါတယ်။နောက်ဆုံးသမက်ဖြစ်သူနဲ့ယောက်က္ခမဖြစ်သူတို့ပြန်ပြီးတော့အဆင်ပြေသွားကြပါတယ်”လို့ မြ၀တီမြို့ခံ ပရဟိတသမားဖြစ်သူ ကိုဘီဝမ်းက သူရဲ့လူမှုကွန်ရက်မှာ ကလေးငယ်ပြန်လည်တွေ့ရှိတဲ့အကြောင်းကို ရေးသားမျှဝေခဲ့တာပါ။

ကလေးငယ်ကိုပြန်လည်တွေ့ရှိစဉ်မှာ အဖွားဖြစ်သူရဲ့ပြောစကားအရ ကလေးငယ်ကိုမွေးကာစအရွယ်ထဲက ထိန်းသိမ်းကျွေးမွေးခဲ့ရကြောင်း၊သမီးဖြစ်သူနေမကောင်းဖြစ်နေချိန် ရောဂါပြန်လည်မသက်သာတော့တာသိရလို့ သမီးဖြစ်သူမသေဆုံးခင် မြေးဖြစ်သူအားတစ်ဦးထဲပိုင်ဆိုင်လိုစိတ်နဲ့ခေါ်ဆောင်လာမိခဲ့ကြောင်းပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

“အမှန်ကအဖေဖြစ်သူကလည်းကလေးရဲ့ဖခင်အရင်းပါ။အဖွားဖြစ်သူက ကလေးကိုပြန်မထည့်ချင်လို့ ပထွေးလို့ပြောရခြင်းဖြစ်ပါတယ်။ကလေးခေါင်းက ရိုက်ထားတဲ့ဒဏ်ရာတွေကလည်း ကလေးအဖေရိုက်ထားတာမဟုတ်ပါဘူး။ကလေးမိခင်အရင်းက မသေဆုံးခင်ကျန်းမာရေးကမကောင်း စိတ်အလိုမကျတဲ့အခါတိုင်းကလေးကို ခဏခဏရိုက်တဲ့အတွက် ငယ်ရွယ်နုနယ်တဲ့ကလေးငယ်မှာမိခင်အပေါ် စိတ်ဆိုးပြီး အဖွားအရင်းထံလိုက်နေခဲ့ရတာဖြစ်တယ်လို့ ပတ်ဝန်ကျင်းပြောစကားအရသိရပါတယ်”လို့ ကိုဘီဝမ်းက ရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင် အဖွားအရင်းဖြစ်သူကလည်း မြေးအရင်းကို ဖခင်အရင်းသာပိုင်ဆိုင်သည်ကိုသိရှိနေသောကြောင့် မိမိထံကလေးရောက်နေရခြင်းကို ဖခင်ထံအသိမပေးပဲ ဖုန်းကွယ်ထားခဲ့တာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာတော့ ကလေးငယ်မိသားစုကြားထဲဖြစ်နေတဲ့ ပြဿနာတွေဟာ ကြားဝင်ညှိနှိုင်းပေးမှုတွေကြောင့် ပြေလည်သွားခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

အခုပြန်လည်တွေ့ရှိခဲ့တဲ့ ကလေးငယ်မောင်ချစ်ချစ်တုန်ဟာ အသက်(၆)နှစ်သာရှိသေးပြီး မပျောက်ဆုံးခင်က မြဝတီမြို့၊အမှတ်(၄)ရပ်ကွက်၊ရွှေဘုန်းပွင့်(၁၉)လမ်းမှာ မိဘဖြစ်သူတွေနဲ့အတူနေထိုင်သူဖြစ်ပါတယ်။ကလေးငယ်ရဲ့ မိခင်ကတော့ ရောဂါအခံကြောင့် ယခင်လထဲက ဆုံးပါးသွားခဲ့ပြီဖြစ်တယ်လို့လည်း သိရပါတယ်။