ကမ္ဘာ့အသက်အကြီးဆုံး ပြင်သစ်သီလရှင်အမျိုးသမီး ကွယ်လွန်

ကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ် သတ်မှတ်ခံရထားတဲ့ ပြင်သစ် ခရစ်ယာန်မယ်သီလရှင်ဟာ အသက် ၁၁၈ နှစ် အရွယ်နဲ့ သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

အသက် ၁၁၈ နှစ်အရွယ်ရှိ အန်ဒရီရန်ဒွန်ဟာ ပြင်သစ်နိုင်ငံတောင်ပိုင်း Toulon မြို့မှာ ဇန်နဝါရီ ၁၇ ရက်နေ့မှာ သေဆုံးသွားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံက အသက် ၁၁၉ နှစ်အရွယ်ရှိ ကာနီတာနာကာ သေဆုံး သွားခဲ့ပြီးနောက် အန်ဒရီဟာ ၂ဝ၂၂ ခုနှစ် ဧပြီလ ၁၉ ရက်မှာ ကမ္ဘာ့အသက်အကြီးဆုံးလူသား ဖြစ်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Sainte-Catherine-Laboure ဘိုးဘွားရိပ်သာရဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဒေးဗစ် တာဗယ်လာက ” ကမ္ဘာ့အသက်အကြီးဆုံးအဘွားအို ကွယ်လွန်သွားတာ အလွန်မင်း ဝမ်းနည်းမိတယ်။ သူ မလွတ်မြောက်သွားခဲ့သလို သူမရဲ့ချစ်လှစွာသော အစ်ကိုဖြစ်သူနောက် လိုက်လိုတဲ့ ဆန္ဒပြည့်သွားခဲ့တယ်” လို့ပြောပါတယ်။

အန်ဒရီကို ပြင်သစ်နိုင်ငံ Alés မြို့မှာ ၁၉ဝ၄ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်မှာ မွေးဖွားခဲ့ခြင်းဖြစ်ပြီး၊ အသက် ၁၉ နှစ် အရွယ်မှာ ပရိုစတင့်ဘာသာကနေ ကက်သလစ်ဘာသာကိုပြောင်းဝင်ခဲ့ပြီး အသက် ၄ဝ အရွယ်မှာ ခရစ်ယာန် မယ်သီလရှင်အဖြစ် ပြောင်းလဲခဲ့တယ်။ ကမ္ဘာ့ဂင်းနစ်မှတ်တမ်းအဖွဲ့က အဆိုပါအဘွားအိုကို ကမ္ဘာ့ အသက်အကြီးဆုံးလူသားအဖြစ် ၂ဝ၂၂ ခုနှစ်မှာ သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။

အန်ဒရီဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပေမယ့်လည်း အသက်ရှင်လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။ အသက် ၁၁၈ နှစ်အရွယ်ရှိ အန်ဒရီဟာ ၂ဝ၂၁ ခုနှစ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး သူမရဲ့မွေးနေ့မတိုင်ခင် သီတင်းပတ် သုံးပတ်အလိုမှာ ကိုရိုနာဗိုင်းရပ်စ်က ပြန်လည်သက်သာကောင်းမွန်လာခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အဘွားအိုဟာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း Sainte-Catherine-Laboure ဘိုးဘွားရိပ်သာတာဝန်ရှိသူက ပြောပါတယ်။