မိုခါရန်ပုံငွေဘောလုံးပြိုင်ပွဲ ကျင်းပမည်

မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူတွေကို ကူညီထောက်ပံ့နိုင်ဖို့အတွက် ရန်ပုံငွေဘောလုံးပြိုင်ပွဲကို ဇွန် ၁၆ ရက်နဲ့ ၁၇ ရက်မှာ ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းမှာ နှစ်ရက်ကြာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ဒီပြိုင်ပွဲကို အနုပညာရှင်တွေနဲ့ မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းတွေ ပူးပေါင်းကျင်းပတာဖြစ်ပြီး ရုပ်ရှင်ဘောလုံးအသင်း၊ ဂီတဘောလုံးအသင်း၊ Forever FC ဘောလုံးအသင်းနဲ့ ညွန့်ပေါင်းအသင်းတို့ ပါဝင် ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပွဲစဉ်တွေအနေနဲ့ကတော့ ဇွန် ၁၆ ရက် ညနေ ၃ နာရီမှာ ရုပ်ရှင်ဘောလုံးအသင်းနဲ့ Forever FC ဘောလုံးအသင်း၊ ညနေ ၅ နာရီမှာ ညွန့်ပေါင်းဘောလုံးအသင်းနဲ့ ဂီတဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး အဲဒီအထဲ ကမှ အနိုင်ရတဲ့နှစ်သင်းနဲ့ ရှုံးတဲ့နှစ်သင်းတို့ဟာ ဇွန် ၁၇ ရက်မှာ ဗိုလ်လုပွဲနဲ့ တတိယလုပွဲတွေ ယှဉ်ပြိုင်ရမှာဖြစ် တယ်လို့ သိရပါတယ်။

ဇွန် ၁၇ ရက်မှာတော့ မွန်းလွဲ ၂ နာရီကစတင်ပြီး အနုပညာရှင်တွေက သီဆိုဖျော်ဖြေမှာဖြစ်သလို ဒီပြိုင်ပွဲကြီးကို SKY NET၊ မြဝတီနဲ့ MRTV-4 ရုပ်သံလိုင်းတွေကနေ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။ လက်မှတ်ခ နှုန်းထားမှာ တစ်စောင်ကို ကျပ် ၃၀၀၀ နှုန်းနဲ့ သုဝဏ္ဏအားကစားကွင်း ဂိတ်အမှတ် ၅ မှာ ရောင်းချပေးမှာဖြစ်ပြီး ရရှိတဲ့ရန်ပုံငွေတွေကို မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူတွေဆီ လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။