နေပြည်တော်ရှိ အထင်ကရနေရာများ

မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီး

မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီးသည် ဉာဏ်တော်အမြင့် ၃၂ပေရှိ ရပ်တော်မူကိုယ်တော်ကြီးဖြစ်ပြီး တန်ချိန်ပေါင်း ၁၀၉တန်ရှိ၍ စကျင်ကျောက်ရပ်တော်မူဆင်းတုများအနက် ဉာဏ်တော်အမြင့်ဆုံးရုပ်ရှင်တော်မြတ်ကြီးဖြစ်သည်။ ၂၀၁၅ခုနှစ်၊ ဇွန်လ၊ ၂၀ ရက်နေ့တွင် မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီးကို ကိန်းဝပ်စံပယ်တော်မူမည့် အောင်မောဠိတောင်ညွန့်သို့ ပင့်ဆောင်နိုင်ခဲ့ပြီဖြစ်ပြီးသီတင်းသုံးစံမြန်းမည့် ဂန္ဓကုဋိကျောင်းဆောင်နှင့် လိုအပ်သည့်သာသနိက အဆောက်အအုံများကို ဆက်လက်တည်ဆောက်လျက်ရှိသည်။


နေပြည်တော်ပုဗ္ဗသီရိမြို့နယ်၊ ရာဇဌာနီလမ်းမကြီးအနီး နေပြည်တော် ပျဉ်းမနားမြို့၏ အနောက်မြောက်ဘက် (၂)မိုင်(၄)ဖာလုံခန့်အကွာတွင် တည်ရှိသည်။ ဤစေတီတော်မြတ်ကြီးကို ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ပုံစံတူဉာဏ်တော် အမြင့်အောက်(၁)ပေလျှော့၍ ဉာဏ်တော်အမြင့် (၃၂၅)ပေရှိ “စေတီတော်မြတ်ကြီး”ကို (၂၈-၇-၂၀၀၆)ရက်နေ့မှ စတင် တည်ထားခဲ့ရာ (၉-၃-၂၀၀၉)ရက်နေ့တွင် သပ္ပါယ်တင့်တယ်စွာ တည်ထားပြီးစီးခဲ့ပါသည်။ စေတီတော်မြတ်ကြီး၏ ဘုန်းတော်ကိုလည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ရဟန်းရှင်လူ ပြည်သူများအားလုံး ဘေးဥပဒ် အန္တရာယ်အသွယ်သွယ်မှ ကင်းဝေးစေပြီးကောင်းကျိုးချမ်းသာ ကျက်သရေ မင်္ဂလာအဖြာဖြာဖြင့် ပြည့်စုံစေရန် ရည်ရွယ်၍ “ဖြစ်ပေါ်တွေ့ကြုံလာသည့်ဘေးအန္တရာယ်အားလုံးငြိမ်းအေးစေခြင်း”ဟု မြန်မာပြန် အနက်အဓိပ္ပါယ်ရသော”ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး”ဟု ပူဇော်သမုတ်ခဲ့သည်။

သံဝေဇနိယလေးဌာန(ဖွား၊ ပွင့်၊ ဟော၊ စံ)နှင့် သတ္တသတ္တာဟတရားစခန်းတို့သည် နေပြည်တော်ရာဇသင်္ဂဟလမ်းမကြီးအတိုင်းသွားပါက ခွာညိုပန်းအဝိုင်းအလွန် နေပြည်တော်-တပ်ကုန်းလမ်း၏တဖက်တချက်တွင် တည်ရှိသည်။ သတ္တသတ္တာဟစေတီတော်ကို နိုင်ငံတော်ငြိမ်းချမ်းသာယာစေရန် လည်းကောင်း၊ ဂေါတမမြတ်စွာဘုရားရှင်ပွင့်တော်မူရာ အိန္ဒိယသမ္မတနိုင်ငံဂယာမြို့ ဗုဒ္ဓဂယာရှိ သတ္တသတ္တာဟနေရာများကို သွားရောက်ဖူးမြော်ရန် အခက်အခဲရှိသည့် မြန်မာပြည်သူများအနေဖြင့် မြန်မာနိုင်ငံအတွင်း၌ပင် အလွယ်တကူ ဖူးမြော်ကြည်ညိုသဒ္ဓါပွားများနိုင်ကြစေရန်လည်းကောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန်လည်းကောင်း ရည်ရွယ်တည်ဆောက်ပါသည်