မက္ခရာမြို့ဟောင်း အကြောင်း သိကောင်းစရာ

မက္ခရာမြို့ဟောင်း သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် တည်ရှိပါတယ်။
မက္ခရာသည် သိသူ၊ ရောက်ဖူးသူ နည်းသော၊ ဘုရင်ထီးနန်းစိုက်ခဲ့သော သမိုင်းဝင် မြို့တစ်မြို့ ဖြစ်ပါတယ်။
မက္ခရာမြို့သည် မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဧည့်ပြ (အဲ့ဗျ) ကျေးရွာအုပ်စု၊ ဇော်ဂျီမြစ်ခေါ် မက္ခရာမြစ်နှင့်
ဒုဋ္ဌဝတီမြစ်ခေါ်မြစ်ငယ်မြစ်တို့ဆုံရာ မြစ်နှစ်ခု၏ အရှေ့ဖက်ကမ်းတွင် တည်ရှိခဲ့တာပါ။
ယခင်က လမ်းခရီးခက်ခဲသောကြောင့် ဧည့်သည်၊ လေ့လာသူများ အရောက်အပေါက်နည်းကာ အခြား သမိုင်းဝင်မြို့များကဲ့သို့ ထင်ပေါ်မှု
မရှိခဲ့ပါဘူး။ ယနေ့အချိန်တွင်မူ မန္တလေး ရန်ကုန်ကားလမ်းအတိုင်းလာလျှင် စဉ့်ကိုင်မြို့ မရာက်မီ ညောင်ပင်ကြီးလမ်းခွဲမှ တအုံ
ကွန်ပျူတာတက္ကသိုလ်ဆီသွားသောလမ်းအတိုင်း ဝင်လာပြီး ၁၅မိနစ်ခန့်မောင်းရမည့် ခရီးနှင့် ရောက်နိုင်ပြီ ဖြစ်ပါတယ်။
နောက်ထပ်တစ်လမ်းမှာမန္တလေး-ပြင်ဦးလွင်လမ်းအတိုင်းလာလျှင် မန္တလေးမှ ၁၄မိုင်အကွာ အုန်းချောရွာ၊ရွှေစာရံလမ်းမှဝင်ပြီး
ရွှေစာရံမြစ်ကူးတံတားအားဖြတ်ပြီး မီးသွေးဘုတ်ရွာမှတစ်ဆင့်လည်းသွားနိုင်ပါတယ်။
မြို့ပမာဏမှာ တာပေါင်း ၄၇၀၊ နန်းမြို့ရိုးမှာ အရှေ့အနောက် ၁၂၀၀ပေ၊ တောင်မြောက် ၁၄၅၀ပေ၊ နန်းတော်ဝင်းမှာ တောင်မြောက်
၆၀၀ပေ၊ အရှေ့အနောက် ၄၅၀ပေ ရှိပါတယ်။
မက္ခရာမြို့ဟောင်းတစ်ဝိုက်တွင် စေတီတော်များ၊ ဂူဘုရားများ ဘုရားပြို၊ဘုရားပျက်၊ ဘုရားကောင်းများ အဆူ ၇၀ ကျော် တွေ့ရှိရပါတယ်။
သမိုင်း လေ့လာချက်တစ်ခုတွင် ၁၂၆ ဆူရှိတယ်လို့ ဆိုပါတယ်။
ဥစ္စနာ (ပင်းယဥဇနာ) မင်းကြီး၊ မင်းကြီးရန်နောင်တို့ တောထွက်ခဲ့ရာဒေသလည်းဖြစ်ပါတယ်။
မက္ခရာမြို့ဟောင်းတွင် လေ့လာစရာ ရှေးဟောင်းသာသနိက အဆောက်အဦးများ၊ ရှေးလက်ရာ ပန်းတမော့၊ နံရံဆေးရေးပန်းချီများ ရှိနေပါတယ်။ တစ်ချိန်က ဒေသခံတို့က လှေသူကြီးဘုရားခေါ် ရွှေရောင်တော်စေတီ (ရှေးစေတီကို ပြန်လည်ရှင်းလင်းပြုပြင်မှ ရွှေရောင်တော်စေတီဆိုတဲ့ ဘွဲ့တော်ကို ပြန်တွေ့)၊ မြန်မာနိုင်ငံမှာ မင်းကွန်းခြင်္သေ့ကြီး နှစ်ကောင်ပြီးလျှင် ဒုတိယ အကြီးဆုံး ဖြစ်နိုင်ခြေရှိတဲ့ ခြင်္သေ့ကြီး နှစ်ကောင် (ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက် လက်ရာ)၊ ငါးဆူဘုရား (ရွှေရောင်တော်ဘုရားဝင်း အတွင်းလက်ျာဘက်တွင်ရှိ)၊
အရှေ့ဖက် ရပ်တော်မူဘုရား၊ ရပ်တော်မူ ဘုရားနဘေး တစ်ဖက်တစ်ချက်စီမှ ဖောင်းကြွနဂါးကြီးများ (တစ်ကောင်နှင့်တစ်ကောင်
မုတ်ဆိတ်၊ အမောက်၊ ပါးစပ် ပုံသဏ္ဌာန်မတူသော နဂါးကြီးလေးကောင်) စသည့် လေ့လာစရာများ ရှိပါတယ်။
မက္ခရာမြို့ဟောင်းအပြင်ဘက် အနောက်တောင်ထောင့် နှစ်ဖာလုံခန့်ဝေးသောနေရာမှာ ရွှေစည်းခုံ စေတီတော်နဲ့ ရွှေဇာတိရုပ်စေတီ
(အရပ်အခေါ် ရွှေစာတီစေတီ) စေတီကြီးနှစ်ဆူရှိတယ်လို့ သိရပါတယ်။