ခြေဖနောင့်ကွဲတတ်သူများအတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များ

အရေးကြီးဆုံးကတော့ Foot hygiene လို့ခေါ်တဲ့ ခြေထောက်ကို သန့်ရှင်းအောင်ထားဖို့ ဖြစ်ပါတယ်။ အပြင်ကနေ ပြန်ရောက်ပြီးတိုင်း ခြေထောက်ကို ရေနဲ့ ဆေးကြောသန့်စင်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ညအိပ်ရာဝင်ခါနီးတိုင်း ရေနဲ့ ဆေးကြောသန့်စင်ရပါမယ်။ ဆေးတဲ့အခါမှာ ရေအေးအေးကြီးနဲ့မဆေးဘဲ ရေနွေးနဲ့ဆေးရမှာ ဖြစ်ပါတယ်။ ခြေဖနောင့်ကွဲတာ သိပ်ဆိုးရင် အထူးသဖြင့် အသားမာတွေထူနေရင် ရေနွေးထဲမှာ ကိုယ်ခံနိုင်သလောက်ရှိတဲ့ အပူချိန်မှာ ဆားလေးနည်းနည်း၊ ဆပ်ပြာမှုန့်နည်းနည်းထည့်ပြီး ၁၅ မိနစ်လောက်စိမ်ပြီး ခြေထောက်ချင်း ပွတ်ထားပေးနိုင်ပါတယ်။ အဲ့ဒီလိုလုပ်လိုက်ရင် ခြေဖနောင့်ကွဲထဲမှာရှိတဲ့ အညစ်အကြေးတွေဟာ အပြင်ကိုထွက်သွားမယ်။ အသားမာတွေလဲ ပျော့သွားမယ်။ အပေါ်ဆုံးအလွှာတွေလဲ တဖြည်းဖြည်းချင်း ကွာကျသွားတဲ့အတွက် အမြန်ဆုံး သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

ခြေထောက်ကို ရေဆေးသန့်စင်ပြီးပြီဆိုရင် ညအိပ်ခါနီးမှာ သင့်တော်မယ့် အဆီပါတဲ့ Cream တစ်ခုခုကို လိမ်းအိပ်ရပါမယ်။ ဘာမှမရှိတဲ့နေရာမှာဆို အုန်းဆီ (Coconut oil) ခြေထောက်မှာလိမ်းပြီး အိပ်ရပါမယ်။ Cracked heels cream တစ်ခုခု (ဥပမာ Aloeheal®) ကို လိမ်းနိုင်ရင်တော့ ပိုကောင်းပါတယ်။ တကယ်လို့ ခြေထောက်ကွဲတာ ပိုဆိုးရင်တော့ ဆေးလိမ်းပြီးမှ ခြေအိတ်ဝတ်ထားလို့ပဲဖြစ်ဖြစ်၊ ပတ်တီးလေး ပတ်ထားလို့ပဲဖြစ်ဖြစ် လုပ်ပေးရင် ပိုကောင်းပါတယ်။

ခြေဖနောင့်ကွဲသူတွေဟာ ဖိနပ်ရွေးချယ်ဝတ်ဆင်မှု မှားယွင်းလို့လဲ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ခွာပါးတဲ့ ဖိနပ်မျိုးကို မဝတ်သင့်ပါဘူး။ ခွာမညီတဲ့ ဖိနပ်မျိုးကိုလည်း မဝတ်သင့်ပါဘူး။ ခွာနည်းနည်းထူတာဟာ ပိုသင့်တော်ပါတယ်။ အမျိုးသမီးတွေဆိုရင် ဒေါက်မြင့်ဖိနပ် ဝတ်ချင်ရင် ဝတ်နိုင်ပါတယ်။ Shoe စီးရင်လည်း ကိုယ်နဲ့ အံဝင်ဂွင်ကျဖြစ်တဲ့ ဖိနပ် size ကို ရွေးဖို့လိုပါတယ်။ ချောင်လွန်းရင်လဲ လမ်းလျှောက်တိုင်း ပွတ်တိုက်မှုဖြစ်ပြီး အသားမာ ပိုတက်တတ်ပါတယ်။ ကျပ်လွန်းရင်လည်း သွေးကောင်းကောင်းမလျှောက်လို့ အနာကျက် နှေးနိုင်ပါတယ်။ ခြေအိတ်နဲ့ shoe နဲ့စီးရင် ခြေထောက်ရေစိုကြီးနဲ့ မဝတ်ရပါဘူး။ ခြေအိတ်လဲ ရေစိုနေရင်၊ သေသေချာချာ မခြောက်ရင် မဝတ်သင့်ပါဘူး။

ဘာတွေစားသင့်လဲ❓❓

🔹 အရေးအကြီးဆုံးကတော့ ရေများများသောက်ပေးဖို့ ဖြစ်ပါတယ်။ ခြေထောက်ကွဲရခြင်းရဲ့ အဓိကအကြောင်းက အရေပြားခြောက်သွေ့လို့ ဖြစ်ရတာဖြစ်တဲ့အတွက် ရေများများသောက်မှ အရေပြား ပြန်လည်စိုပြေလာမှာ ဖြစ်ပါတယ်။ ရေဆိုတဲ့နေရာမှာ ရိုးရိုးသောက်ရေထက်စာရင် သဘာ၀ Fruit Juice တွေကို ပိုသောက်နိုင်လေ ကောင်းလေဖြစ်ပါတယ်။ ဥပမာ သံပရာရည်၊ လိမ္မော်ရည်၊ နာနတ်သီးဖျော်ရည်၊ ဖရဲသီးဖျော်ရည်

🔹 ဇင့်ဓာတ်ပါဝင်တဲ့ အစားအစာတွေ စားပေးဖို့လိုပါတယ်။ ဥပမာ ဆန်လုံးညို၊ ဒိန်ချဉ်

🔹 ဗီတာမင်-အီး ပါတဲ့ အစားအစာတွေဖြစ်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးတွေကို စားသင့်ပါတယ်။

🔹 အိုမီဂါ-၃ (သို့မဟုတ်) အိုမီဂါ-၃၆၉ ဖက်တီးအက်ဆစ် ကြွယ်ဝတဲ့ အစားအစာတွေ ပိုစားပေးရပါမယ်။ ဥပမာ အစေ့အဆံများနှင့် အဆီပါဝင်သော ငါးများ (ငါးမြင်း၊ ငါးတန်)

🔹 ပက်တင် (Pectin) ပါတဲ့ အစားအစာတွေလဲ မကြာခဏ စားသင့်ပါတယ်။ ဥပမာ ပန်းသီး၊ သစ်တော်သီးတို့လို အသီးမျိုးဖြစ်ပါတယ်။

ဒေါက်တာခင်မောင်လွင် (FAME)