နှာစေးနှာပိတ် တာကို သက်သာစေဖို့

ဖျားတော့မယ်ထင်ပြီး နှာတွေချေနေတယ်။ နှာရည်တွေလည်းကျပြီး အသက်ရှူရတာလည်း မကောင်းလိုက်တာလို့များ ဖြစ်နေ
ပါသလား။ နှာခေါင်းပိတ်တာ၊ နှာစေးတာတွေကို သက်သာစေမယ့်နည်းလမ်းလေးတွေပြောပြပေးမယ်နော်။
နှာခေါင်းပိတ်ရတာက ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်ပိုးတွေ အစရှိတဲ့ပိုးမွှားတွေကြောင့် နှာခေါင်းအတွင်းပိုင်းမှာရှိတဲ့
တစ်ရှူးတွေရောင်ရမ်းတာကြောင့်နောက်ဆက်တွဲ နှာခေါင်းထဲက သွေးကြောလေးတွေရောင်ရမ်းလာတာကြောင့် အဓိကဖြစ်ရပါတယ်။
နှာခေါင်းပိတ်တာနဲ့ နှာစေးတာနဲ့ကတော့ အမြဲလိုလိုတွဲပြီးဖြစ်ပေါ်လေ့ရှိပါတယ်။
ညဘက်ဆို နှာခေါင်းပိတ်နေလို့ အသက်ရှူကျပ် အိပ်မရဖြစ်၊ လူကြားထဲမှာ နှာခေါင်းတရှုံ့ရှုံ့နဲ့ နေရထိုင်ရတာခက်၊
အစားအသောက်တွေလည်း အရသာမရှိနဲ့ သိပ်ဝေဒနာမဆိုးလှပေမယ့် နေရထိုင်ရခက်တဲ့ဝေဒနာပေါ့။
ဒီအချက်တွေကြောင့် နှာစေးနှာပိတ် အများဆုံးဖြစ်နိုင်ပါတယ်
(က) အအေးမိတာ
(ခ) တုပ်ကွေးဖြစ်တာ
(ဂ) ဓာတ်မတည့်ဖြစ်တာ
(ဃ) Sinus infection ဖြစ်တာတွေကြောင့် နှာစေးနှာပိတ်တာတွေဖြစ်နိုင်ပါတယ်။

(၁) နှာစေးနှာပိတ် တာကို ဘယ်လိုသက်သာအောင်လုပ်မလဲ
နှာခေါင်းကို သန့်စင်ပေးပါ။ နှာခေါင်းထဲမှာပိတ်ဆို့နေတဲ့ ချွဲသလိပ်တွေကို ဖြည်းဖြည်းချင်း ညှစ်ထုတ်ဖယ်ရှားပေးပါ။
နှာခေါင်းထဲက ချွဲသလိပ်တွေကို ဖယ်ရှားတာက နှာစေးနှာပိတ်တာကို သက်သာစေမယ့် အကောင်းဆုံးသော နည်းလမ်းတစ်ခုပါ။
တစ်ရှူးစနုနုလေးသုံးပြီး ဖြည်းဖြည်းချင်းဖယ်ရှားပေးပါ။ တကယ်လို့များ နှာရည်တွေက တစ်စက်စက်ကျနေမယ်ဆိုရင်
တစ်ရှူးစလေးတွေကို လုံးပြီး နှာခေါင်းမှာ စို့ထားပေးလို့ရပါတယ်။ နှာစေးနှာပိတ်နေတဲ့အခါ ပါးစပ်ကနေ အသက်ရှူပေးပါ။
(၂) ရေဓာတ်ပြည့်ဝအောင်လုပ်ပေးပါ
ရေနွေးသောက်တာ၊ ရေသောက်တာနဲ့ စွပ်ပြုတ်သောက်တာလိုမျိုး ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးနိုင်မယ့် သောက်စရာတွေကို
များများသောက်ပေးပါ။ ဒီလိုသောက်ပေးတာက ကိုယ်ခံအားကိုကောင်းလာစေပြီး ခပ်နွေးနွေးဖြစ်တဲ့အရာတွေကို သောက်ပေးတာက
ချွဲတွေကိုပျော်သွားစေတာမို့ နှာစေးနှာပိတ်တာကို မြန်မြန်သက်သာစေမှာပါ။
(၃) ကောင်းကောင်းအနားယူပေးပါ
လူတစ်ယောက် ကျန်းမာနေဖို့အတွက် အိပ်စက်မှုက တော်တော်လေးအရေးပါပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ နေထိုင်မကောင်းတဲ့အခါ
ပြည့်ပြည့်ဝဝအနားယူအိပ်စက်ပေးဖို့ကို မေ့မထားသင့်ပါဘူး။ ဒါကြောင့် နှာစေးနှာပိတ်တာတွေ ဖြစ်တဲ့အခါမှာလည်း
ကောင်းကောင်းအိပ်စက်အနားယူပေးပါ။
(၄) ရေနွေးဝတ်ကပ်ပေးပါ
နှာစေးနှာပိတ်နေတဲ့အခါ နှာခေါင်းနဲ့ နဖူးပေါ်ကို ရေနွေးဝတ်ကပ်ပေးတာက ချွဲတွေကို ပျော်စေပြီး နေရထိုင်ရသက်သာစေနိုင်ပါတယ်။
တစ်နေ့တာမှာ သတိရတိုင်း မျက်နှာကို ရေနွေးဝတ်ကပ်ပေးပါ။
(၅) ရေနွေးငွေ့ခံပေးပါ
နှာခေါင်းပိတ်တဲ့အခါ အလွယ်ကူဆုံးနည်းလမ်းက ရေနွေးငွေ့ခံပေးပါ။ အဝကျယ်ရေဇလုံတစ်ခုထဲမှာ ရေနွေးထည့်ပြီး ရေခပ်နွေးနွေးအချိန်မှာ ရေနွေးငွေ့ခံပေးပါ။ ပိုပြီးထိရောက်ချင်ရင်တော့ ခေါင်းကို တဘက်လေးနဲ့အုပ်ထားပြီး ရေနွေးငွေ့ခံပေးပါ။
နှာခေါင်းထဲက ပိတ်ဆို့နေတဲ့ ချွဲသလိပ်တွေကို ပျော်စေမှာပါ။
(၆) Saline nasal spray (ဆားရည်နှာခေါင်းဖြန်းဆေး) သုံးပေးပါ
ဒီနည်းက နှာစေးနှာပိတ် တာကို အမြန်ဆန်ဆုံးနဲ့ အထိရောက်ဆုံးသက်သာပျောက်ကင်းစေနိုင်ပါတယ်။ Nasal spray က
နှာခေါင်းထဲက ချွဲသလိပ်တွေကို ဖယ်ရှားပေးပြီး အသက်ရှူရအဆင်ပြေစေမှာပါ။ Nasal spray သုံးတာရဲ့ အကောင်းဆုံးအားသာချက်ကတော့ နှာခေါင်းပိတ်တာ၊ နှာရည်ယိုတာနဲ့ အသက်ရှူမရဖြစ်နေတာတွေကို ချက်ခြင်းသက်သာစေနိုင်တာပါ။
(၇) အိပ်တဲ့အခါ ခေါင်းကိုခပ်မြင့်မြင့်လေးထားပေးပါ
နှာခေါင်းပိတ်တာကြောင့် အိပ်စက်ရတာ အနှောင့်အယှက်ဖြစ်တဲ့သူတွေအနေနဲ့ ညဘက်အိပ်တဲ့အခါ ခေါင်းကို ခပ်မြင့်မြင့်လေးထားပေးပါ။
ဒီလိုလုပ်ပေးတာက နှာခေါင်းပိတ်တာကြောင့် အသက်ရှူရခက်ပြီး အိပ်ရေးပျက်တာကို သက်သာစေနိုင်ပါတယ်။
(၈) ရေနွေးနဲ့ ရေချိုးပေးပါ
နှာခေါင်းပိတ်တဲ့အခါ နှာစေးတဲ့အခါ အအေးတွေများနေလို့ဖြစ်မယ်။ ရေမချိုးနဲ့လို့ ပြောတာကြားဖူးမှာပါ။ ဒီအယူအဆက အပြည့်အဝမမှန်ပါဘူး။ နှာစေး နှာပိတ်တဲ့အခါ ရေခပ်နွေးနွေးလေးနဲ့ ရေချိုးပေးတာက နှာစေးနှာပိတ်တာကို သက်သာစေနိုင်သလို အသက်ရှူလမ်းကြောင်းမှာရှိနေတဲ့ ပိုးတွေကို သေစေနိုင်ပြီး အသက်ရှူရပိုအဆင်ပြေစေမှာပါ။
ဒီနည်းလေးတွေသုံးပြီး နှာစေးနှာပိတ်တာကို အမြစ်ပြတ်ဖယ်ရှားလိုက်ပါနော်
(Hello ဆရာဝန်မှ ကူးယူဖော်ပြပါသည်။)