နာကျင်အချိန်ပိုနောက်ဆုံးမိနစ်တွင် ပယ်နယ်တီပေးခဲ့သည့် ကွင်းလယ်ဒိုင် ဝေဖန်ခံနေရ

နယူးကာဆယ်နည်းပြ အက်ဒီဟောင်းက PSG အသင်းနှင့် သရေကျသည့်ပွဲတွင် PSG အသင်းကို နာကျင်အချိန်ပိုနောက်ဆုံးမိနစ်တွင် ပယ်နယ်တီပေးခဲ့သည့် ကွင်းလယ်ဒိုင်၏ဆုံးဖြတ်ချက်မှာ တရားမျှတမှုမရှိဘဲ မှန်ကန်သည့်ဆုံး ဖြတ်ချက်မဟုတ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။

နိုဝင်ဘာ (၂၈)ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် PSG (၁-၁) နယူးကာဆယ်ပွဲတွင် နယူးကာဆယ်အသင်းသည် အီဆက်ခ်၏ပထမပိုင်းသွင်းဂိုးဖြင့် ပွဲပြီးခါနီးအထိ PSG အသင်း (၁-ဝ) ဂိုးဖြင့် အနိုင်ရနေခဲ့သည်။

သို့သော် ပွဲပြီးခါနီး နာကျင်အချိန်ပို (၈)မိနစ်တွင် နယူးကာဆယ်နောက်ခံလူ လစ်ဗရာမန်တိုပယ်နယ်တီဧရိယာအတွင်းလက်ထိသည် ဟုဆိုကာ ပိုလန်လူမျိုးကွင်းလယ်ဒိုင် မာဆင်နစ်ခ်က PSG အသင်းကို ပယ်နယ်တီပေးခဲ့ရာ ဘာပေက ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့သဖြင့် ပွဲအပြီးတွင် (၁-၁)ဂိုးဖြင့် သရေကျခဲ့သည်။

နယူးကာဆယ်နောက်ခံလူ လစ်ဗရာမန်တိုအနေဖြင့် PSG တိုက်စစ်ကစားသမား ဒမ်ဘီလီ၏ ဖြတ်တင်ဘောကို တားဆီးရာတွင် ဘောလုံးက ရင်ဘတ်ကို အရင်ထိပြီးမှ တံတောင်ကို ထိခဲ့ခြင်းဖြစ်သည်။

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) မှ ဒိုင်လူကြီးများကို ချမှတ်ထားသည့် စည်းမျဉ်းအရ ယင်းအနေအထားဆိုပါက ပယ်နယ်တီပေးရန်မလိုကြောင်း သိရသည်။ ထို့ကြောင့် နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်က ယင်းပွဲတွင် မိမိတို့ ဓားပြတိုက်ခံခဲ့ရသည်ဟု မှတ်ချက်ပြုခဲ့ပြီး နည်းပြ အက်ဒီဟောင်းကလည်း ကွင်းလယ်ဒိုင်၏ဆုံးဖြတ်ချက်မှာ တရားမျှတမှုမရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အက်ဒီဟောင်းက “ဒါက တရားမျှတမှုမရှိဘူးလို့ ထင်ပါတယ်။ ဒါက မှန်ကန်တဲ့ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ဘောလုံးက ရင်ဘတ်ကို အရင်ထိပြီးမှ လက်ကို ထိတာပါ။ ဒါက ပယ်နယ်တီ မဟုတ်ပါဘူး။ ဒီဆုံးဖြတ်ချက်က ဆိုးရွားပြီး ကျွန်တော်တို့ကို ဒေါသထွက်စေပါတယ်”ဟု ဆိုခဲ့သည်။