ဒီဇင်ဘာလ ၁၇ ရက်နေ့ မှုခင်းသတင်းများ

-ဒီဇင်ဘာ ၁၆ ရက် ၁၉၃၀ နာရီတွင် ညောင်ရွှေမြို့နယ်၊ မင်းချောင်းရှေ့ကျေးရွာနေ ဦးအောင်စိုးလွင်(၅၅)နှစ်နှင့် ဦးကျော်ဟိန်း(၅၄)နှစ်တို့ ၂ ဦးသည် ကျေးရွာလမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာစဉ် မင်းချောင်းအနောက်ကျေးရွာအဝင်သို့ အရောက်၌ PDF အကြမ်းဖက်အဖွဲ့မှ လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးအောင်စိုးလွင်တွင် ဦးခေါင်း၊ နောက်ကျောကျည်ဖောက်ဝင်ဒဏ်ရာ၊ ဦးကျော်ဟိန်းတွင် ဦးခေါင်း၊ ဝဲလက်မောင်းကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဒီဇင်ဘာ ၁၆ ရက် ၁၅၅၀ နာရီတွင် ဆိပ်ဖြူမြို့နယ်၊ ဇီးဖြူကောင်းကျေးရွာ၏ တောင်ဘက်ရှိ ကြက်သွန်စိုက်ခင်း၌ ကြက်သွန် စိုက်ပျိုးနေသည့် ဦးအောင်လွင်(၄၉)နှစ်၊ ထန်းချောင်းကျေးရွာ၊ ဆိပ်ဖြူမြို့နယ်နေသူအား PDF အကြမ်းဖက်အဖွဲ့အင်အား ၆ ဦး ခန့်မှ ဆိုင်ကယ် ၃ စီးဖြင့် ရေပုတ်-ဇီးဖြူကောင်းကျေးရွာချင်းဆက်လမ်းအတိုင်း ရေပုတ်ဆည်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ။

-ဒီဇင်ဘာ ၁၆ ရက် ၁၂၁၀ နာရီတွင် စဉ့်ကူးမြို့နယ်၊ ငပြင်းအင်းကျေးရွာတွင် နေထိုင်သော ဦးကျော်ဝင်းနိုင်(၅၆)နှစ်သည် စဉ့်ကူး မြို့မှ ငပြင်းအင်းကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းပြန်လာစဉ် ငပြင်းအင်းကျေးရွာ၏တောင်ဘက်သို့ အရောက်၌ အကြမ်းဖက် PDF ကျား ၄ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် လိုက်လာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေး သွားခဲ့ရာ ဦးကျော်ဝင်းနိုင်တွင် ဝဲနားထင်၊ ဝဲပုခုံးကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဒီဇင်ဘာ ၁၆ ရက် ၁၅၀၀ နာရီတွင် မြင်းခြံမြို့နယ်၊ ကျောက်ကန်ကျေးရွာနေ ကျော်သူ(၄၀)နှစ်သည် မြင်းခြံမြို့သို့ ဈေးဝယ်ရန် မြင်းခြံ-မြို့သာကားလမ်းအတိုင်း ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် သစ်ရုံကျေးရွာအနီးအရောက်၌ အကြမ်းဖက် PDF ကျား ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် လိုက်ပါလာပြီး ပစ္စတိုဖြင့် ပစ်ခတ်၍ ကျော်သူ၏ ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းတို့အား ယူဆောင်ထွက်ပြေးသွားခဲ့ရာ ကျော်သူတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။