ရှမ်းပြည် (အရှေ့ပိုင်း)သွား ပြည်ထောင်စုလမ်းမကြီးအား ပြန်လည်ထိန်းချုပ်

အေးချမ်းတည်ငြိမ်လျက်ရှိသည့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ဒေသအတွင်း အဓိကဆက်သွယ်ရေးလမ်းကြောင်းဖြစ်သော ပြည်ထောင်စုလမ်းမကြီးအား ဖြတ်တောက်ပိတ်ဆို့ရန် အကြံဆိုးဖြင့် ပြည်ပမှ NUG၊ CRPH အမည်ခံအကြမ်းဖက်အဖွဲ့၊ ပြည်တွင်းမှ PDF အမည်ခံအကြမ်းဖက်အဖွဲ့တို့၏ မြှောက်ပင့်ပေးမှုများအရ NCA တွင် လက်မှတ်ရေးထိုးထားသည့် PNLA အဖွဲ့မှ ငြိမ်းချမ်းမှုကို မလိုလားသူအချို့နှင့် KNDF ၊ KNPP အကြမ်း ဖက်ပူးပေါင်းအဖွဲ့များသည် ဖေဖော်ဝါရီလ ၂၁ ရက်မှစတင်၍ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လမ်းကြောင်းတစ်လျှောက်ရှိ အဓိကနေရာများအား ပိတ်ဆို့မှုများ လုပ်ဆောင်လာခဲ့ပါသည်။

ထိုသို့ ပိတ်ဆို့မှုများကြောင့် ခရီးသွားလာမှုများ ခေတ္တရပ်တန့်ခဲ့ရပြီး ကုန်စည်စီးဆင်းမှုများ ပြတ်တောက်ခဲ့ရာ ဒေသခံပြည်သူများ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ရသည်။ ဖြစ်စဉ် ဖြစ်လျှင်ဖြစ်ခြင်း တိုက်ခိုက်ရေးစစ်ကြောင်းများအား စနစ်တကျ အင်အားစုဖွဲ့၍ ဖေဖော်ဝါရီလ ၂၂ ရက်မှစတင်ကာ ဆီဆိုင်-မိုင်းပွန်ကားလမ်းတစ်လျှောက်နှင့် ပြည်ထောင်စုကားလမ်းမကြီးတစ်လျှောက် ဘေးဝဲယာများကို ချီတက်ရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် ပြည်ထောင်စုလမ်းမကြီးအား အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်လို့ မတ်လ ၁ ရက်နေ့မှစတင်၍ ယာယီရပ်တန့်ခဲ့သည့် ခရီးသွားယာဉ်များ၊ လူစီးယာဉ်၊ ကုန်သယ်ယာဉ်များ ပုံမှန်အတိုင်း သွားလာနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ #Crd