ရွှေပြည်သာတွင် လူနာတင်ယာဉ်တစ်စီးတိမ်းမှောက်

ရွှေပြည်သာမြို့နယ်မှာ လမ်းဖြတ်ကူးတဲ့သူကို ရှောင်တိမ်းရာက လူနာတင်ယာဉ် တိမ်းမှောက်ပြီး လူနာနဲ့ ပရဟိတအဖွဲ့ဝင် ၁ဦးတို့ သေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအသင်း တွေထံမှ သိရပါတယ်။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် (၁၄)လမ်းဆုံ ပုလဲလမ်းပေါ်တွင် အောက်တို ဘာလ(၁၆)ရက်နေ့ ညပိုင်းက We Love Care Burma လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းမှ လူနာတင်ယာဉ်သည် အရေးပေါ်လူနာတစ်ဦးအား အရေးပေါ်သယ်ဆောင်လာစဉ် လမ်းဖြတ်ကူးသူအား ရှောင်တိမ်းရာမှ လမ်းဘေးတွင်ရပ်ထားသည့် ကွန်တိန်နာတွဲ ကားကို ဝင်တိုက်မိပြီး ယာဥ်ပေါ်ပါ အရေးပေါ် လူနာနှင့် ပရဟိတယာဥ်အကူ အမျိုးသားတစ်ဦးတို့ သေဆုံးကာ ယာဥ်မောင်းအပါအဝင် ၄ ဦးခန့် ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။

We Love Care Burma လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း က “အရေးပေါ် အသက်လု နေရတဲ့လူနာကို သွားရောက်ခေါ်ဆောင်ပြီး ဆေးရုံကိုပို့နေစဉ် လမ်းမှာ ဖြစ်တာပါ။ လမ်းကလည်း မှောင်နေတယ်။ လမ်းဖြတ်ကူးတဲ့သူကို ရှောင်လိုက်တော့ လမ်းဘေးက ရပ်ထားတဲ့ တွဲကားကို ဝင်တိုက်မိတာပါ။ အသင်းက အဖွဲ့ဝင်တစ်ဦး အခင်းဖြစ်နေရာမှာ သေဆုံးပါတယ်။ လူနာကတော့ ဆေးရုံရောက်တဲ့အချိန်မှာ သေဆုံးတာပါ” ဟု မီဒီယာကို ပြောကြားထားပါတယ်။

လူမှုကူညီရေး ပရဟိတအသင်းအမျိုးသမီးတစ်ဦးက “ ဟိုတစ်နေ့က ရေဘေးသွားပြီးတော့ ဝိုင်းကူညီခဲ့တုန်းက အတူသွားခဲ့ကလေး ။ စိတ်မကောင်းဖြစ်ရတယ်” လို့ ပြောကြားထားပါတယ်။