ယီမင်မှ အစ္စရေးသို့ ချိန်ရွယ်ပစ်လွှတ်တဲ့ ခရုဇ်ဒုံးကျည်နဲ့ဒရုန်းတွေကို တုံ့ပြန်ပစ်ချ

ယီမင်နိုင်ငံမှ အစ္စရေးနိုင်ငံဘက်သို့ ချိန်ရွယ်ပစ်လွှတ်လိုက်တယ်လို့ ယူဆရတဲ့ ခရုဇ်ဒုံးကျည် ၃ စင်းနဲ့ ဒရုန်းတွေကို အောက်တိုဘာ ၁၉ ရက်တုန်းက ပင်လယ်နီမြောက်ပိုင်းရှိ အမေရိကန်ရေတပ်စစ်သင်္ဘောတစ်စီးက တုံ့ပြန်ပစ်ချခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

“ဒီဒုံးကျည်တွေနဲ့ ဒရုန်းတွေက ဘာကို ပစ်မှတ်ထားတယ်ဆိုတာ အတိအကျ မပြောနိုင်ပေမဲ့ အဲဒါတွေက ယီမင်ကနေ ပင်လယ်နီ မြောက်ဘက်ကိုတလျှောက် အစ္စရေးမှာရှိတဲ့ ပစ်မှတ်တွေကို ဦးတည်ပစ်လွှတ်ခဲ့တာပါ” လို့ အမေရိကန်ရဲ့ ပင်တဂွန်စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ပက်ထရစ်ရိုင်ဒါက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ပြီးခဲ့သော သုံးရက်အတွင်း အီရတ်နဲ့ ဆီးရီးယားရှိ အမေရိကန်တပ်တွေအပေါ် ဒရုန်းနဲ့ တိုက်ခိုက်မှုတွေလည်း ကြုံခဲ့ရာမှာ ယီမင်ရှိ အီရန်လိုလားတဲ့ ဟူသီသူပုန်တွေက ဒုံးကျည်တွေနဲ့ ဒရုန်းတွေ ပစ်လွှတ်ခဲ့တာ မိမိတို့သိရှိကြောင်း ရိုင်ဒါက ဆက်လက်ပြောကြားခဲ့ပါတယ်။

အဲဒီလို ယီမင်ဘက်မှ တိုက်ခိုက်မှုတွေဟာလည်း ဟားမတ်စ်တွေအတွက် ပိုမိုကျယ်ပြန့်သောစစ်ပွဲဆီသို့ ရောက်ရှိသွားနိုင်ပါတယ်။

ဒါ့အပြင် အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်တွေဟာ အရင်က အီရတ်မှာ တပ်စွဲခဲ့တဲ့ အမေရိကန် တပ်ဖွဲ့ဝင်အင်အား ၂,၅၀၀ နဲ့ ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့ဝင် ၉၀၀ တို့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။

အစ္စရေးကို ဟားမတ်စ်တို့ အောက်တိုဘာ ၇ ရက်က တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်ဟာ အီရန်နဲ့လက်ဝေခံတပ်ဖွဲ့တွေကို ဟန့်တားရန်အတွက် အစ္စရေးနိုင်ငံအနီး မြေထဲပင်လယ်အရှေ့ပိုင်းသို့ လေယာဉ်တင်သင်္ဘောနှစ်စင်းနဲ့ သူ့တပ်ဖွဲ့ဝင်အင်အားတွေ တိုးမြှင့်ချထားခဲ့ပါတယ်။