မန္တလေး-ပြင်ဦးလွင်လမ်းမှာ ခရီးသည်တင်ကား ပေ ၅၀ခန့်အနက်ရှိ ချောက်ထဲထိုးကျ

အောက်တိုဘာလ ၂၂ရက်နေ့ မနက် ၂နာရီဝန်းကျင်က မန္တလေး-ပြင်ဦးလွင်လမ်းရှိ မိုင်တိုင်အမှတ်(၁၈/၁)မှာ ပခုက္ကူ-မန္တလေး-ပြင်ဦးလွင် ပြေးဆွဲသော ခရီးသည်တင်ယာဉ် အန်စာတုံးကားတစ်စီး ပေ၅၀ခန့်အနက်ရှိ ချောက်ထဲထိုးကျသွားခဲ့တာဖြစ်ပါတယ်။

“ဖြစ်တာက လူခြေတိတ်ချိန်ဖြစ်တာ။ အန်စာတုံးကားလေး ဘရိတ်ပေါက်ပြီး ချောက်ထဲထိုးကျသွားတာ။ ထိခိုက်ဒဏ််ရာရတာတော့များတယ်။ ကလေးလည်းပါတယ်”လို့ အသင်းက ဆိုထားပါတယ်။

အဆိုပါအန်စာတုံးခရီးသည်ယာဉ်သည် ဘရိတ်ပေါက်ကာ ချောက်ထဲထိုးကျခဲ့တာကြောင့် ကလေးတစ်ဦးအပါအဝင် အမျိုးသား ၂ဦးနဲ့ အမျိုးသမီး ၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ချောက်ထဲကနေ ဆယ်ယူခဲ့ကြရတယ်လို့ သိရပါတယ်။

ဖြစ်စဉ်ဖြစ်ပွားရာသို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်း)အပြင် ချမ်းမြသာစည်နဲ့ ချမ်းအေးသာဇံက ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်ကူညီခဲ့ကြပြီး ထိခိုက်ဒဏ်ရာရသူများကို လူနာတင်ယာဉ် ၄စီးဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့တာလည်းဖြစ်ပါတယ်။