ဗြိတိန်ဟာ Amazon စတိုးမဟုတ်ဘူးလို့ ယူကရိန်းကို ပြောခဲ့တဲ့ ကာကွယ်ရေးဝန်ကြီး

လက်နက် ခဲယမ်းတွေ အတောင်းကြမ်းလွန်းလို့ ဗြိတိန်ဟာ Amazon အွန်လိုင်းစတိုး မဟုတ်ဘူးလို့ ယူကရိန်းကို ပြောခဲ့ဖူးကြောင်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီး ဘန်ဝေါလေ့စ်က ဆိုပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှားရဲ့ ကျူးကျော်စစ်ကို တွန်းလှန်ရာမှာ အသုံးပြုဖို့ NATO မဟာမိတ် နိုင်ငံတွေဆီက စစ်လက်နက်တွေ ဆက်တိုက် တောင်းဆိုနေတာနဲ့ ပတ်သက်ပြီး ဝေါလေ့စ်က အခုလို ပြောဆိုခဲ့ဖူးတာပါ။ သူက ယူကရိန်း အနေနဲ့ အနောက်နိုင်ငံတွေက ဒေါ်လာ ဘီလီယံနဲ့ချီ အကုန်အကျခံပြီး စစ်လက်နက်တွေ၊ ခဲယမ်းမီးကျောက်တွေ ပံ့ပိုးပေးနေတာကို နည်းနည်းပါးပါးတော့ ကျေးဇူးတင်သင့်တယ်လို့လည်း ဆိုပါတယ်။

လစ်သူယေးနီးယား နိုင်ငံမှာ NATO ထိပ်သီး ညီလာခံ တက်ရောက်ဖို့ ရောက်ရှိနေတဲ့ အတောအတွင်း သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ဝေါလေ့စ်က ပြီးခဲ့တဲ့နှစ်မှာ လက်နက်တွေ တောင်းဆိုတာ အရမ်းကြမ်းတဲ့ ယူကရိန်း အရာရှိ တချို့ကို သူက ဘယ်လိုဘယ်ပုံ အငေါ်တူးခဲ့သလဲ ဆိုတာကို ပြန်ပြောပြခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းက စစ်လက်နက် အသစ်တွေက ထောက်ပံ့ပေးဖို့ အသည်းအသန် နားပူနားဆာ လုပ်လာချိန်မှာ ဝေါလေ့စ်က သူတို့ (ဗြိတိန်)ဟာ လိုချင်တာ မှာယူလို့ရတဲ့ Amazon အွန်လိုင်းစတိုး မဟုတ်ဘူးလို့ တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ယူကရိန်းဟာ တရားသောစစ်ကို ဆင်နွှဲနေပြီး ဥရောပရဲ့ လွတ်လပ်ခွင့် အာမခံချက်အတွက် တိုက်ပွဲဝင်ပေးနေတာ ဖြစ်တယ်လို့တော့ သူက အသိအမှတ် ပြုခဲ့ပါတယ်။

အဲဒီ NATO ညီလာခံကို ဝေါလေ့စ်လိုပဲ ယူကရိန်း သမ္မတ ဇီလန်စကီးလည်း တက်ရောက်ခဲ့ပါတယ်။ ဇီလန်စကီးက NATO အဖွဲ့အနေနဲ့ ယူကရိန်းကို အဖွဲ့ဝင်သစ်အဖြစ် လက်ခံဖို့ တိကျတဲ့ အချိန်တစ်ခု မသတ်မှတ်နိုင်ခဲ့တာကို ဝေဖန်ခဲ့ပေမယ့် ယူကရိန်းရဲ့ စစ်ပွဲမှာ အစွမ်းကုန် ဆက်လက် ကူညီပေးဖို့ နိုင်ငံတချို့ရဲ့ ကတိကဝတ်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

crd