နိုင်ငံတော်ကာကွယ်ရင်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သားများအား ချောင်းသာကမ်းခြေသို့ပို့ဆောင်ပေး

နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များအား တပ်မတော်အကြီးအကဲများက အနားယူအပန်းဖြေ ခရီးစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေနှင့် ရခိုင်ပြည်နယ်၊ ငပလီ ကမ်းခြေများသို့ တပ်မတော်လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့်ပို့ဆောင်ပေးခဲ့ပါတယ်။

အနားယူအပန်းဖြေခရီးစဉ်သွားရောက်ခဲ့သည့်အဖွဲ့များမှ ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေသို့ သွားရောက်ခဲ့သည့် အဖွဲ့သည် ကမ်းခြေလမ်းလျှောက်ခြင်း၊ ကိုယ်လက်ကျန်းမာရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ သဲသောင်ပြင် အားကစားများ ဆောင်ရွက်ခြင်း၊ အနားယူအပန်းဖြေခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပုသိမ်မြို့ ရှိ ရွှေမုဋ္ဌောဘုရားကြီး၊ ချောင်းသာမြို့ရှိ ကျောက်မောင်နှမစေတီ၊ တဂေါင်းဘုရား၊ လေးကျွန်းရန်အောင် ဖောင်တော်ဦးဘုရားတို့အား ဖူးမြော်ကြည်ညိုခြင်း၊ ချောင်းသာသဲဖြူကျွန်း၊ ရွှေသောင်ယံ၊ အဏ္ဏဝါသိပ္ပံ၊ ပုသိမ်ဟာလဝါလုပ်ငန်းနှင့် ပုသိမ်ထီးလုပ်ငန်း စသည့် အထင်ကရနေရာများသို့ သွားရောက်လေ့လာခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါတယ်။ ဒီလိုအပန်းဖြေခရီးစဉ်ပို့ဆောင်ပေးတဲ့အခါမှာ အထက်လူကြီးတွေကိုယ်တိုင်က ကြိုဆိုနှုတ်ဆက်ကြပြီး အချို့သောစစ်သည်များဟာ ပင်လယ်ကြီးကို တစ်ခါမှ မမြင်ဖူးသူတွေ၊ လေယာဉ်မစီးဖူးသူတွေဖြစ်တဲ့အတွက် စစ်သည်တွေရဲ့ကြည်နူးပီတီတွေဟာ ဘာနဲ့မှမလဲနိုင်ဘဲ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားဟာ ပြေစရာတောင်မလိုဘဲ မျက်နှာပေါ်မှာ အထင်းသားပေါ်နေတာကို တွေ့ရပါတယ်…