နိုင်ငံတကာသတင်းများ

-အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ရေနံဝယ်လိုအား အကြီးမားဆုံးနိုင်ငံအဖြစ် တရုတ် နိုင်ငံကို မကြာမီကျော်တက်လိမ့်မည်ဖြစ်ကြောင်း နိုင်ငံတကာစွမ်းအင်အေဂျင်စီအကြီးအကဲ ဖာတစ်ဘီရိုလ် (Fatih Birol) က ပြောကြားခဲ့သည်ဟု Bdnews သတင်းဌာနက ဇွန်လ ၁၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ တရုတ်နိုင်ငံသည် ခရီးသည်တင်ကားများနှင့် အိမ်စီးကား များကို လျှပ်စစ်ဓာတ်အားသုံးစနစ်ယာဉ်များအဖြစ် ပြောင်းလဲအသုံးပြုမှု လျင်မြန်စွာ တိုးတက်လာခြင်းကြောင့် ထိုသို့ပြောကြားရခြင်းဖြစ်ကြောင်း ဘီရိုလ်က ဂျီ၂၀ ဆက်စပ် အစည်းအဝေးအတွင်း သတင်းထောက်များအား ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ အိန္ဒိယနိုင်ငံ အနေဖြင့်လည်း လျှပ်စစ်ဓာတ်အားသုံးစနစ်သို့ ပြောင်းလဲအသုံးပြုမှုကို ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်လိမ့်မည်ဟု ၎င်းအနေဖြင့် မျှော်လင့်ကြောင်း ဘီရိုလ်က ဆက်လက် ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

-ဂျပန်နိုင်ငံ၏ ဝါရင့်သံအမတ်တစ်ဦးဖြစ်သူ ဟိုရီနိုအူချီဟီဒီဟီဆာ (Horinouchi Hidehisa) သည် ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံးအဖွဲ့ဝင်တရားသူကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရကြောင်း NHK သတင်းဌာနက ဇွန်လ ၁၅ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ အဖွဲ့ဝင်ခန့်အပ်ခြင်းအခမ်းအနားကို ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံ၊ နယူးယောက် (New York) မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပခဲ့ကြောင်းနှင့် ဟီဒီဟီဆာသည် လာမည့် အောက်တိုဘာလ ၁ ရက်တွင် အဖွဲ့ဝင်တရားသူကြီးအဖြစ် စတင်တာဝန်ထမ်းဆောင် ရမည်ဖြစ်ပြီး သက်တမ်းမှာ ၉ နှစ်ဖြစ်ကြောင်း ၎င်းသတင်းဌာနက ဆက်လက်ရေးသား ထားပါသည်။ ဟီဒီဟီဆာအနေဖြင့် ခုံရုံးတရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်မည် ဆိုပါက တတိယမြောက်ဂျပန်နိုင်ငံသား တရားသူကြီးဖြစ်လာမည်ဖြစ်ကြောင်း NHK သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။

-အနောက်နိုင်ငံများအနေဖြင့် အီရန်၏ နျူကလီးယားလက်နက်ရရှိပိုင်ဆိုင်ရေး လုပ်ငန်းစဉ်ကို ပိတ်ဆို့တားဆီး၍ရမည်မဟုတ်ကြောင်း အီရန်ဘာသာရေးခေါင်းဆောင် အာယာတိုလာအလီခါမေနီ (Ayatollah Ali Khamenei) က အီရန်နျူကလီးယားပြပွဲ၌ ပြောကြားခဲ့သည်ဟု OANN သတင်းဌာနက ဇွန်လ ၁၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ ထို့ပြင် အီရန်နိုင်ငံသည် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (International Atomic Energy Agency-IAEA) နှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့ပါသည်။ သို့ရာတွင် အီရန်နိုင်ငံသည် IAEA နှင့် ၂၀၂၃ ခုနှစ် အစောပိုင်းတွင်ရရှိခဲ့သော နျူကလီးယားစုံစမ်းစစ်ဆေးရေးလိုအပ်ချက်များ ဆိုင်ရာ သဘောတူညီချက်မှ အချို့အချက်များကိုသာ လိုက်နာလျက်ရှိသည်ဟု IAEA ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့ပါသည်။ အဆိုပါ အီရန်နှင့် IAEA အကြား သဘော တူညီချက်များနှင့် IAEA ၏ ဆုံးဖြတ်ချက်များအပေါ် အစ္စရေးနိုင်ငံက ကန့်ကွက်လျက် ရှိပြီး အီရန်နျူကလီးယားအရေးနှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက်မှုများကို ၎င်းကိုယ်တိုင် လုပ်ဆောင်မည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်ဟု သိရှိရပါသည်။

-နှစ်နိုင်ငံပူးပေါင်းအဖြေရှာခြင်းအပေါ် အစ္စရေးနိုင်ငံက ချိုးဖောက်နေမှုများအား တားဆီးရန်အတွက် နိုင်ငံတကာအနေဖြင့် အရေးယူဆောင်ရွက်မှုများ ချက်ချင်းပြုလုပ် သွားရန် ပါလက်စတိုင်းဝန်ကြီးချုပ် မိုဟာမက်ရှတေရာ့ (Mohammad Shtayyeh) က တောင်းဆိုခဲ့သည်ဟု Xinhua သတင်းဌာနက ဇွန်လ ၁၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဥရောပသမဂ္ဂ (EU) ၏ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အထူးကိုယ်စားလှယ် စဗန်ကုပ်မန်းစ် (Sven Koopmans) နှင့် ရာမယ်လ်လာ (Ramallah) မြို့၌ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးမှု အတွင်းတွင် မိုဟာမက်ရှတေရာ့ က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ အစ္စရေးနိုင်ငံအနေဖြင့် ပါလက်စတိုင်းနိုင်ငံ ထူထောင်နိုင်ရေးဆောင်ရွက်မှုများကို ဖျက်ဆီး လျက်ရှိပြီး ပါလက်စတိုင်းအာဏာပိုင်များကို ပြိုလဲသွားစေရန် ဆောင်ရွက်လျက် ရှိကြောင်းနှင့် နယ်မြေများသိမ်းပိုက်ခြင်း၊ ကျူးကျော်ဝင်ရောက်ခြင်း၊ ဖြတ်သန်းသွားလာ ခွင့်များနှင့် သဘာဝသယံဇာတများအား ထိန်းချုပ်ထားခြင်းများဆောင်ရွက်ကာ နှစ်နိုင်ငံ ပူးပေါင်းအဖြေရှာခြင်းအပေါ် ချိုးဖောက်လျက်ရှိသည်ဟု မိုဟာမက်ရှတေရာ့က စွပ်စွဲ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

-အီရန်သမ္မတ အီဘရာဟင်ရိုင်စီ (Ebrahim Raisi) ၏ ဗင်နီဇွဲလားနိုင်ငံခရီးစဉ် အတွင်း စီးပွားရေး၊ ကုန်သွယ်ရေး၊ နည်းပညာနှင့် သိပ္ပံကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာသဘောတူညီချက် ၂၆ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူစိန်အေမာအဗ္ဗဒူလာဟီရန် (Hossein Amir-Abdollahian) ၏ ပြောကြားချက်ကို ကိုးကား၍ နိုင်ငံပိုင် IRIB TV သတင်းဌာနက ဇွန်လ ၁၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ အီရန်နိုင်ငံခြားရေးဝန်ကြီးသည် သမ္မတ ရိုင်စီ၏ ဗင်နီဇွဲလား၊ နီကာရာဂွာနှင့် ကျူးဘား နိုင်ငံတို့ပါဝင်သော လက်တင်အမေရိကနိုင်ငံများ ခရီးစဉ်အတွင်း ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး အီရန်နှင့် ဗင်နီဇွဲလားနိုင်ငံတို့သည် ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်း လက်မှတ်ရေးထိုးခဲ့သည့် နှစ် ၂၀ ကြာ ပြည့်စုံကျယ်ပြန့်သော မိတ်ဖက်သဘောတူညီချက်မူဘောင်အရ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများအား ထိန်းသိမ်းလုပ်ဆောင်နေခြင်းဖြစ်ကြောင်း အဗ္ဗဒူလာ ဟီရန်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

-တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် အရပ်သားများက ပြုစုရေးဆွဲသော ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို မိတ်ဆက်ပေး မည်ဟု ဇွန်လ ၁၄ ရက်တွင် ကတိပြုပြောကြားခဲ့ကြောင်း Anadolu Agency သတင်း ဌာနက ရေးသားဖော်ပြခဲ့ပါသည်။ တူကီယဲနိုင်ငံ၊ အန်ကာရာ (Ankara) မြို့တွင် ကျင်းပ ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးအပြီးတွင် သမ္မတ အာဒိုဂန်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် အရပ်သားပြည်သူများ၊ လစ်ဘရယ်ဝါဒနှင့် ကဏ္ဍ ပေါင်းစုံက လက်ခံကျင့်သုံးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံကို ရှေ့ဆက် လျှောက်လှမ်းလိုကြောင်း အာဒိုဂန် က ပြောကြားခဲ့ပါသည်။ နိုင်ငံ၏ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေသည် ၁၉၈၀ ပြည့်နှစ် အာဏာသိမ်းမှုပြီးနောက် စစ်ဘက်က ရေးဆွဲ ပြဋ္ဌာန်းထားသည့် ဥပဒေဖြစ်သည့်အတွက် ၎င်းနေရာတွင် ဥပဒေအသစ်တစ်ရပ်အား အစားထိုးဆောင်ရွက်သွားရန် လိုအပ်သည်ဟုလည်း အာဒိုဂန်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

-ဂျာမနီလွှတ်တော်အမတ်များသည် အစ္စရေးနိုင်ငံမှ ခေတ်မီတာဝေးပစ် Arrow 3 လေကြောင်းရန်ကာကွယ်ရေးစနစ် ဝယ်ယူရေးအတွက် ကြိုတင်စရန်ငွေ ယူရို သန်း ၅၆၀ ပေးချေမည့်အစီအစဉ်ကို အတည်ပြုခဲ့ကြောင်း The Defense Post သတင်းဌာနက ဇွန်လ ၁၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ Arrow 3 လေကြောင်းရန်ကာကွယ်ရေးစနစ် ဝယ်ယူရေးနှင့်ပတ်သက်၍ အောက်လွှတ်တော်၏ ဘတ်ဂျက်ရေးဆွဲရေးကော်မတီက အတည်ပြုပေးခဲ့သည့်အတွက် ဂျာမနီအစိုးရသည် ယခုနှစ် နှစ်ကုန်ပိုင်းတွင် အစ္စရေး နိုင်ငံနှင့် ဝယ်ယူရေးဆိုင်ရာသဘောတူညီချက်များ လက်မှတ်ရေးထိုးသွားမည်ဖြစ်ပြီး လာမည့် ၂၀၂၅ ခုနှစ်၊ နောက်ဆုံး ၃ လပတ်တွင် အဆိုပါလေကြောင်းရန်ကာကွယ်ရေး စနစ်များကို လက်ခံရရှိမည်ဖြစ်ပါသည်။ အဆိုပါ ခေတ်မီတာဝေးပစ် Arrow 3 လေကြောင်းရန် ကာကွယ်ရေးစနစ်သည် ကီလိုမီတာ ၂,၄၀၀ (၁,၄၉၀ မိုင်) အကွာအဝေးမှ ပစ်လွှတ်သော ပဲ့ထိန်းဒုံးကျည်များကို ကြားဖြတ်ဟန့်တားနိုင်စွမ်းရှိကြောင်း IAI ကုမ္ပဏီ၏ ထုတ်ပြန်ချက် အရ သိရှိရပါသည်။

-တရုတ်နိုင်ငံနှင့် ဂျီ-၇၇ (G-77+China) အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ၏ အစည်းအဝေးတစ်ရပ်ကို ကျူးဘားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးသွားမည် ဖြစ်ကြောင်း ကျူးဘားသမ္မတ မီဂယ်ဒီးယက်ဇ်ကနဲလ် (Miguel Diaz-Canel) က ပြောကြား ခဲ့သည်ဟု The Rio Times သတင်းဌာနက ဇွန်လ ၁၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ အစည်းအဝေးကို လာမည့်စက်တင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ကျင်းပသွားမည် ဖြစ်ပြီး ကမ္ဘာ့လူဦးရေစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကို ကိုယ်စားပြုသော G-77+China အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များတက်ရောက်မည်ဖြစ်ပါသည်။ G-77+ China အဖွဲ့ကို ၁၉၆၄ ခုနှစ်မှစတင်၍ ကမ္ဘာ့ကုလသမဂ္ဂ (United Nations-UN) အဖွဲ့အတွင်း၌ ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင် ၁၃၄ နိုင်ငံသည် စိုက်ပျိုးရေး၊ စားနပ်ရိက္ခာ၊ စက်မှုလုပ်ငန်း၊ စီးပွားရေးနှင့် စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။

-အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Antony Blinken) သည် တရုတ်နိုင်ငံ၊ ပေကျင်း (Beijing) မြို့သို့ ဇွန်လ ၁၆ ရက်မှ ၂၁ ရက်အတွင်း သွားရောက်မည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ဇွန်လ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါခရီးစဉ်အတွင်း ဘလင်ကန်သည် တရုတ်အကြီးတန်းအရာရှိများနှင့် တွေ့ဆုံ၍  နှစ်နိုင်ငံအကြား အရေးကြီးကိစ္စရပ်များ၊ ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်းဆိုင်ရာ စိန်ခေါ်မှု များနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုအလားအလာများအား ဆွေးနွေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ နှစ်နိုင်ငံအကြား ဆက်ဆံရေး လမ်းကြောင်းများ ဖွင့်လှစ်ထိန်းသိမ်းထားရှိရန်အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) တို့အကြား သဘောတူညီမှု ရရှိခဲ့ပြီးနောက် ဘလင်ကန်၏ အထက်ပါခရီးစဉ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိ ရပါသည်။

-နိုင်ဂျီးရီးယားအမျိုးသားမူးယစ်ဆေးဝါး ဥပဒေစိုးမိုးရေးအေဂျင်စီ (NDLEA) နှင့် အိန္ဒိယမူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရိုတို့သည် တရားမဝင်မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုတိုက်ဖျက်ရေးနှင့်ပတ်သက်သည့် နားလည်မှုစာချွန်လွှာတစ်ရပ်ကို နိုင်ဂျီးရီးယား နိုင်ငံ၊ မြို့တော် အဘူဂျာ (Abuja) ၌ လက်မှတ်ရေးထိုးခဲ့ကြကြောင်း  Daily Nigerian သတင်းဌာနက ဇွန်လ ၁၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ နားလည်မှုစာချွန်လွှာသည် နှစ်နိုင်ငံအကြား မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများ ပပျောက်ရေးအတွက် လမ်းစ တစ်ရပ်ဖြစ်သည်ဟု NDLEA ဥက္ကဋ္ဌ ဘူဘာမာဝါ (Buba Marwa) က ပြောကြားခဲ့ပါ သည်။ ထို့ပြင် ၎င်းသည် နှစ်နိုင်ငံအကြား မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင် ရောင်းဝယ်ဖောက်ကားမှုများကိုတိုက်ဖျက်ရန် ကြိုးပမ်းမှုဖြစ်သည်ဟုလည်း မာဝါက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

-ယီမင်အစိုးရသည် ဟူသီသူပုန်များနှင့်ပြုလုပ်မည့် အကျဉ်းသားလဲလှယ်ရေး ဆိုင်ရာဆွေးနွေးပွဲကို တက်ရောက်သွားမည်ဟု ယီမင်အစိုးရ၏ ညှိနှိုင်းရေးကော်မတီ အကြီးအကဲ ရာရာကတ်ဇ်မန် (Yahya Kazman) က ဇွန်လ ၁၄ ရက်တွင် ပြောကြား ခဲ့ကြောင်း Xinhua သတင်းဌာနက ဇွန်လ ၁၅ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲကို ဇွန်လ ၁၆ ရက်တွင် ဂျော်ဒန်နိုင်ငံ၊ အမ်မန် (Amman) မြို့၌ ပြုလုပ်သွားမည် ဖြစ်ပြီး အတင်းအကျပ်ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံရေးသမား မိုဟာမက်ကာတန် (Mohammed Qahtan) အပါအဝင် အခြားသော ဖမ်းဆီးထိန်းသိမ်းခံ အကျဉ်းသားများ၏ အရေးကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့ပါသည်။ အထက်ပါဆွေးနွေးပွဲကို ကုလသမဂ္ဂက ကမကထပြု ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ပြီးခဲ့သည့်ဧပြီလတွင်လည်း ကုလသမဂ္ဂ၏ ကမကထပြုမှုဖြင့် နှစ်နိုင်ငံအကြား အကျဉ်းသား ၉၀၀ ဦးခန့် လဲလှယ်နိုင်ခဲ့ကြောင်း  Xinhua သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။

-NATO သည် မြင့်မားသည့် သတိပေးချက်ထားရှိ၍ တပ်ဖွဲ့ဝင်အင်အား တိုးမြှင့် စုဆောင်းသွားမည်ဖြစ်ပြီး လက်နက်ခဲယမ်းထုတ်လုပ်မှုကိုလည်း တိုးမြှင့်သွားမည်ဖြစ် ကြောင်း NATO အဖွဲ့အထွေထွေအတွင်းရေးမှူးချုပ် ဂျင်စတိုတန်ဘာ့ဂ် (Jens Stoltenberg) က ဇွန်လ ၁၄ ရက်တွင် ပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက ဇွန်လ ၁၅ ရက်၌ ဖော်ပြခဲ့ပါသည်။ စတိုတန်ဘာ့ဂ်သည် ဇွန်လ ၁၅ ရက်မှ ၁၆ ရက်အထိ ဘရပ်ဆဲလ်မြို့တွင် ကျင်းပမည့် NATO အဖွဲ့ဝင်ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး မတိုင်မီ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါအစည်းအဝေးသို့ ကမ္ဘာ့ ကာကွယ်ရေးစက်မှုလုပ်ငန်းများတွင် ဦးဆောင်နေသည့် ကုမ္ပဏီ ၂၀ ခုခန့်လည်း တက်ရောက် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။