တရုတ်ကဖေဖော်ဝါရီ ၆ရက်မှာ ခရီးသွားလာမှု ရာနှုန်းပြည့် ပြန်စမယ်

ခရီးမသွားခင် မဖြစ်မနေ ပြုလုပ်ဖို့ လိုအပ်တဲ့ ကိုဗစ်-၁၉ စစ်ဆေးမှု သတ်မှတ်ချက်နဲ့ လက်ရှိ ချမှတ်ထားတဲ့ ခရီးသွားလာမှုဆိုင်ရာ တားမြစ်ချက်တွေကို ပယ်ဖျက်ပြီး ဖေဖော်ဝါရီ ၆ရက်က စလို့ တရုတ်ပြည်မကြီး၊ ဟောင်ကောင်နဲ့ မကာအိုကြား ခရီးသွားလာမှု အပြည့်အဝ ပြန်လည် စတင်မှာ ဖြစ်တယ်လို့ ဘေဂျင်း အစိုးရက ဖေဖော်ဝါရီ ၃ရက်က ပြောကြားပါတယ်။

တရုတ်ပြည်မကြီးနဲ့ အထူးဒေသနှစ်ခုဖြစ်တဲ့ ဟောင်ကောင်နဲ့ မကာအိုကြား အုပ်စုလိုက် ခရီးစဉ်တွေ ပြန်စတင်မှာ ဖြစ်ပြီး အကောက်ခွန် စစ်ဆေးရေး ဂိတ်တွေကို ကမ္ဘာ့ကပ်ရောဂါ မတိုင်ခင်က အတိုင်းအတာ မျိုး ပြန်လည်ထားရှိသွားမှာ ဖြစ်တယ်လို့ တရုတ်ရဲ့ ဟောင်ကောင်နဲ့ မကာအိုဆိုင်ရာ ရုံးက ဝက်ဘ်ဆိုက်မှာ ကြေညာထားပါတယ်။