သေနတ်နဲ့ပတ်သက်တာတွေကို ယူကျူ့ကနေတင်နေသူရဲ့ နေအိမ်မှ လက်နက်မျိုးစုံဖမ်းမိ

Tacticool BOB အမည်ရှိတဲ့ ယူကျူ့ချန်နယ်ကနေ သေနတ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို တင်ဆက်နေတဲ့ ထိုင်းယူကျူဘာတစ်ဦးရဲ့ နေအိမ်ကနေ သေနတ်မျိုးစုံ ၈၇ လက်၊ ခဲယမ်းကျည် ၄၅၇၆ တောင့်နဲ့ ကျည်ကပ် ၇ ခုတို့ကို ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့ တိုင်းသတင်းဖော်ပြမှုတွေအရ သိရပါတယ်။

အဆိုပါယူကျူဘာဟာ ထိုင်းနိုင်ငံ မြောင်ခရိုင်၊ ကရန်မြို့က အိမ်ရာတစ်ခုမှာနေထိုင်တဲ့ ထရင်ဆက် ဝါချီရာဆရီဆရီကူလ် ဆိုသူဖြစ်တယ်လို့ သိရပြီး (ဒီဇင်ဘာ ၂၂) မှာ ထိုင်း ဆိုက်ဘာအထူးရဲတပ်ဖွဲ့နဲ့ ဒေသတွင်းရဲတပ်ဖွဲ့တို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေးရှာဖွေခဲ့ရာကနေ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ အဲဒီသေနတ်တွေဟာ သူ့ရဲ့ဖခင်ဖြစ်သူအမည်နဲ့ တရားဝင် မှတ်ပုံတင်ထားတာတွေဖြစ်သလို ဖခင်ဖြစ်သူထံက ဆက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း ထရင်ဆက် ဝါချီရာဆရီဆရီကူလ် က ထွက်ဆိုထားပေမယ့် ရဲတပ်ဖွဲ့ကတော့ မူလပိုင်ရှင်ဖြစ်သူအနေနဲ့ သားဖြစ်သူထံ တရားဝင်လွှဲပြောင်းပေးခဲ့တာ ဟုတ်၊ မဟုတ်ကို စုံစမ်းစစ်ဆေးမှုလုပ်နေတယ် သတင်းတွေမှာ ဖော်ပြထားပါတယ်။

တကယ်လို့သာ ပိုင်ရှင်လွှဲပြောင်းမှုမှတ်တမ်းမှတ်ရာ မရှိခဲ့ဘူးဆိုရင် သေနတ်လက်ဝယ်ထားရှိသူ ထရင်ဆက်အနေနဲ့ ခွင့်ပြုချက်မရှိဘဲ လက်နက်ခဲယမ်းလက်ဝယ်ထားရှိမှုနဲ့ အမှုဖွင့်တရားစွဲဆိုခံရမှာဖြစ်တယ်လို့ သိရပါတယ်။

𝙢𝙝𝙩𝙣𝙚𝙬𝙨