ဝန်တင်လားတွေအစား လော်ဂျစ်စတစ် ဒရုန်းတွေအသုံးပြုလာတဲ့ အိန္ဒိယ

အိန္ဒိယကြည်းတပ်ဟာ စစ်ဘက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းတွေကို သယ်ယူပို့ဆောင်ရာမှာအသုံးပြုနေတဲ့ ဝန်တင်လားတွေကို အစားထိုးဖို့အတွက် လော်ဂျစ်စတစ်ဒရုန်းတွေကို စတင်အသုံးပြုနေပြီ ဖြစ်ပါတယ်။

အိန္ဒိယကြည်းတပ်ဟာ ကားလမ်းကောင်းကောင်းမရှိတဲ့ နယ်စပ်ဒေသက တပ်စခန်းတွေအတွက် အရေးကြီးတဲ့ စစ်ဘက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်ရာမှာ အကြမ်းခံတဲ့ဝန်တင်လားတွေကို အသုံးပြုနေတာ နှစ်ပေါင်းရာကျော်သွားပြီဖြစ်ပါတယ်။

အခုလိုလော်ဂျစ်စတစ်ဒရုန်းတွေကို အသုံးပြုတဲ့အထိ တိုးတက်လာတာဟာ ၂၀၂၇ ခုနှစ်မတိုင်ခင် စစ်သည်အင်အား ၁၀၀၀၀၀ ဝန်းကျင်အထိလျှော့ချမယ့် အိန္ဒိယကြည်းတပ်ရဲ့ ပြန်လည်ပြင်ဆင်တည်ဆောက်ရေးအစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်
ရပ်ဖြစ်တယ်လို့ The Times of India က ပြောပါတယ်။

ရိက္ခာ၊ လောင်စာဆီ၊ ရေနဲ့ ခဲယမ်းတွေကို သယ်ယူပို့ဆောင်ပေးနေတဲ့ အထွေထွေဝန်ဆောင်မှု ဝန်တင်လား ၃,၃၀၀ ကျော်ကို ၂၀၃၀ ပြည့်နှစ်အကုန်လောက်မှာ အနားပေးလိုက်တော့မှာဖြစ်ပါတယ်။ အိန္ဒိယကြည်းတပ်ဟာ လော်ဂျစ်စတစ်ဒရုန်း ၅၆၃
စင်းဝယ်ယူဖို့အတွက် ဒေါ်လာ ၃၈.၅ သန်းတန်ကြေးရှိကန် ထရိုက်လုပ်ငန်းတွေကို အပ်နှံထားပြီး ဖြစ်ပါတယ်။