ဖိလစ်ပိုင်လေကြောင်းခရီးတွေမှာ လေဆိပ် ၄၂ ခုကို လုံခြုံရေးတင်းကျပ်ထား

ဖိလစ်ပိုင်နိုင်ငံမှာ အရပ်ဘက်သုံးလေယာဉ်တွေပေါ်မှာ ဗုံးဖောက်ခွဲခံရမယ့်အန္တရာယ်ရှိနေကြောင်း သတိပေးချက်တွေ ထွက်ပေါ်လာခဲ့နောက် လေဆိပ် ၄၂ ခုကို လုံခြုံရေးတင်းကျပ်ထားလိုက်ပါတယ်။ အဲဒီသတိပေးချက်နဲ့ပတ်သက်ပြီး အတည်ပြုဖို့လည်း ကြိုးပမ်းနေကြောင်း လေကြောင်းအာဏာပိုင်တွေက အောက်တိုဘာ ၆ ရက်က ပြောကြားခဲ့ပါတယ်။

လတ်တလော တင်းကျပ်ထားတဲ့ လုံခြုံရေးအစီအမံတွေကို ဖိလစ်ပိုင်စီးပွားရေးလေဆိပ်အားလုံးမှာ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း ဖိလစ်ပိုင်မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ (CAAP) က မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

စီဘူ၊ ဘီကော၊ ဒါဘာအိုနဲ့ ပလာဝမ်ဒေသတွေဆီ ဦးတည်ပျံသန်းကြမယ့် လေယာဉ်တွေအနေနဲ့ သတိပေးချက်တွေ အီးမေးလ်ဖြင့် လက်ခံရရှိခဲ့ကြောင်း CAAP က ဆက်လက်ပြောကြားခဲ့ပါတယ်။

စီဘူနဲ့ ပလာဝမ်ကျွန်းတွေဟာ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်မှု များပြားလေ့ရှိတဲ့နေရာတွေဖြစ်ပါတယ်။

“ရရှိထားတဲ့သတင်းအချက်အလက်တွေကို လက်ရှိ တရားဝင်အတည်ပြုနေချိန်မှာတော့ လေဆိပ်အားလုံးကို လုံခြုံရေးအစီအမံတွေ ချက်ချင်း တိုးမြှင့်ဆောင်ရွက်နေပါတယ်” လို့ CAAP ရဲ့ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာက သတင်းဖော်ပြခဲ့ပါတယ်။

မနီလာအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ဂိတ်အားလုံးကို ကင်းလှည့်ဖို့နဲ့ K9 ယူနစ်တွေ ဖြန့်ကျက်ချထားဖို့ တရားဥပဒေစိုးမိုးရေးဌာနတွေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေကြောင်း ဖိလစ်ပိုင် သယ်ယူပို့ဆောင်ရေးဝန်ကြီး ဂျိုင်မီဘူတစ္စတာက ပြောကြားခဲ့ပါတယ်။