ဂျပန်မှာ ဖြေလျှော့ထားတဲ့ ကန့်သတ်ချက်တွေအောက်မှာ ဒရုန်းယာဉ် ပျံသန်းဖို့ နိုင်ငံလုံးဆိုင်ရာ စာမေးပွဲ စတင်

ဂျပန်မှာ ဒရုန်းယာဉ်မောင်းနှင်ရေး နိုင်ငံလုံးဆိုင်ရာ လိုင်စင်အသစ်အတွက် စာမေးပွဲတွေကို စတင်လိုက်ပါတယ်။

ဂျပန်အစိုးရက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ဒရုန်းယာဉ်ပျံသန်းမှုအတွက် ကန့်သတ်ချက်တွေကို ဖြေလျှော့လိုက်ပြီးနောက် အခုလို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ယာဉ်မောင်းနှင်သူရဲ့ မြင်ကွင်းကို ကျော်လွန်ပြီး လူထူထပ်တဲ့ နေရာတွေမှာ မောင်းနှင်မယ်ဆိုရင် အဲဒီလိုင်စင် ရှိထားဖို လိုအပ်ပါတယ်။ အဆင့် ၄ ပျံသန်းမှုလို ခေါ်တဲ့ အဲဒီလို ပျံသန်းမှုတွေအတွက် လိုင်စင်ရရှိဖို စာမေးပွဲဖြေဆိုသူတွေဟာ ရေးဖြေနဲ့ လက်တွေ့စာမေးပွဲအပြင် ခန္ဓာကိုယ်ကျန်းမာရေး စစ်ဆေးမှုကိုလည်း ခံယူရမှာ ဖြစ်ပါတယ်။

အခုလက စပြီး လက်တွေ့စာမေးပွဲအတွက် လျှောက်လွှာတွေကို လက်ခံတော့မှာ ဖြစ်ပါတယ်။ အစိုးရဆီမှာ စာရင်းသွင်းထားတဲ့ ဒရုန်းယာဉ်မောင်းသင်တဲ့ ကျောင်းတွေမှာ လေ့ကျင့်ရေး ပြီးမြောက်ထားသူတွေဟာ လက်တွေ့စာမေးပွဲအတွက် ကင်းလွတ်ခွင့်ရမှာ ဖြစ်ပါတယ်။

အာဏာပိုင်တွေဟာ အဆင့် ၄ ပျံသန်းမှုအတွက် အသုံးပြုမယ့် ဒရုန်းယာဉ်တွေရဲ့ လုံခြုံမှုကို စစ်ဆေးနေပါတယ်။ ပထမဆုံးအကြိမ် အဲဒီလို ပျံသန်းမှုမျိုးကို အစောဆုံး မတ်လမှာ ပြုလုပ်ဖို မျှော်လင့်ရကြောင်း သယ်ယူပိုဆောင်ရေး ဝန်ကြီးဌာနက ပြောပါတယ်။