ပြည်ပမှာ ပထမဆုံးအောင်မြင်မှုရခဲ့တဲ့ မြန်မာကစားသမားတွေက ဘယ်သူတွေလဲ?

ဘူရီယမ်နဲ့အတူ ထိုင်းပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ မြန်မာကစားသမားအောင်သူက ထိုင်းလိဂ်ကို ပထမဆုံးကိုင်မြှောက်ခွင့်ရတဲ့ မြန်မာပလေယာဖြစ်လာပါတယ်။ ဒါက တချိန်တုန်းက မလေးရှားမှာ အောင်မြင်ခဲ့တဲ့ မြန်မာကစားသမားတွေကို ပြန်ပြီးအမှတ်ရမိပါတယ်။ ခေါင်းထဲမှာ လေးလေးနက်နက်မှတ်မိနေတာက ရှမ်းယူနိုက်တက်နည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ အောင်နိုင်နဲ့ နာမည်ကျော်ကစားသမားဟောင်း ကြည်လွင်တို့ပါ။ ဒါတွေနဲ့ပတ်သက်ပြီး တိကျတဲ့မှတ်တမ်းတွေ မရှိတော့တာကတော့ တကယ်ဝမ်းနည်းဖို့ကောင်းပါတယ်။ ကျနော်မှတ်မိသလောက်ပြန်ပြီးတော့ ရေးပြပါ့မယ်။

မလေးရှား FA ဖလားကို ပဲရက်ခ်အသင်းနဲ့အတူ သူတို့ ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပြီး အဲဒီခေတ်က မလေးရှားမှာ နာမည်အကြီးဆုံးအသင်းဖြစ်တဲ့ စလမ်းဂေါလ်နဲ့ ကစားခဲ့တာပါ။ ၂-၀ အရှုံးကနေ ၄-၂ နဲ့ အနိုင်ရအောင် ကစားခဲ့တာဖြစ်ပြီး အောင်နိုင်က အရေးပါတဲ့ ပထမဆုံးချေပဂိုးကို သွင်းယူပေးခဲ့တာပါ။ ၂-၂ ဖြစ်ချိန်မှာ အောင်နိုင်ကပဲ အသင်းအတွက် ဦးဆောင်ဂိုးသွင်းပြီးတော့ အသင်းဆုဖလားရအောင် ကူညီပေးနိုင်ခဲ့တာပါ။ ဒီအကြောင်းတွေကို နောက်ပိုင်းမှာ သူတို့က ဘောလုံးအဖွဲ့ချုပ်ကတဆင့် အမှတ်တရအဖြစ်နဲ့ပြန်ပြောတာကို ကြည့်လိုက်ရပါတယ်။ အဲဒီမှာဆိုရင် သေချာတိတိကျကျပိုသိရပါလိမ့်မယ်။

ဖတ်ခဲ့ဖူးတဲ့ ဆောင်းပါးထဲမှာဆိုရင်တော့ အောင်နိုင်နဲ့ ကြည်လွင်တို့ခြေစွမ်းပြခဲ့တဲ့အကြောင်းကို မလေးရှားသတင်းစာတွေမှာ တခမ်းတနားဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။ သတင်းစာမှာလည်း သူတို့ဆုဖလားကိုင်မြှောက်နေတဲ့ ဓာတ်ပုံပါဝင်ခဲ့ပြီးတော့ ဒါက မြန်မာကစားသမားတွေထဲကမှာ ပြည်ပအောင်မြင်မှုကို ပထမဆုံးရဖူးတဲ့ ကစားသမားတွေလို့တောင် ဆိုရပါလိမ့်မယ်။ (သူတို့အရင်အောင်မြင်ခဲ့တဲ့ကစားသမားတွေရှိတယ်ဆိုရင်လည်း ဝင်ပြောပေးခဲ့ပါဦး၊ လွဲမှားမှုရှိရင်တော့ ကျနော်မသိသေးတာဖြစ်ပါလိမ့်)။ အဲဒီတုန်းက အောင်မြင်မှုကို မြန်မာကစားသမားတွေရယူပြီးနောက်ပိုင်းမှာ ဘယ်ကစားသမားကမှ ပြည်ပမှာ အောင်မြင်မှုမရတော့သလောက်ပါပဲ။ အဲဒီနောက်ပိုင်းမှာ ပဲရက်ခ်လည်း အောင်မြင်မှုမရတော့ဘူးလို့ သိရပါတယ်။

၂၀၁၈ မှာမှ ကျော်ကိုကိုက ချင်းရိုင်ယူနိုက်တက်နဲ့ ထိုင်းလိဂ်ဖလားရရှိပြီး မြန်မာကစားသမားတွေရဲ့ အောင်မြင်မှုက ပြန်အစတည်ခဲ့ပါတယ်။ အခုတော့ အောင်သူက အမြင့်မားဆုံးအောင်မြင်မှုလို့ဆိုရမယ့် အမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်ခဲ့ပါပြီ။ ရှားရှားပါးပါးမှတ်တမ်းတင်ထားရမယ့် အောင်မြင်မှုတွေဖြစ်ပြီး ကျော်ကိုကိုနဲ့ အောင်သူတို့ကတော့ နည်းပညာတိုးတက်လာတဲ့ခေတ်မှာဆိုတော့ သူတို့ရဲ့ မှတ်တမ်းက တိတိကျကျနဲ့ ရှိနေတော့မှာပါ။ အောင်နိုင်နဲ့ ကြည်လွင်တို့ရဲ့ အောင်မြင်မှုကတော့ ကာယကံရှင်တွေကိုယ်တိုင် ပြန်လည်ပြောပြမှသိခွင့်ရမယ့် အောင်မြင်မှုတွေပါပဲ။

⚽⚽⚽⚽⚽⚽⚽

crd;