အမေရိကန်နိုင်ငံတွင် အဝေးပြေးလမ်းမပေါ်သို့ ဂျက် လေယာဉ်တစ်စင်း ပျက်ကျ

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ အဝေးပြေးလမ်းမပေါ်သို့ Bombardier Challenger 600 လုပ်ငန်းသုံး ဂျက်လေယာဉ်တစ်စင်း ဖေဖော်ဝါရီလ(၉)ရက်ကပျက်ကျခဲ့ပြီး အနည်းဆုံးလူ(၂)ဦးသေဆုံးခဲ့ကြောင်း Collier ကောင်တီရဲအရာရှိရုံးက ပြောကြားခဲ့သည်။

အဆိုပါလေယာဉ်ပျက်ကျမှုမှ အသက်ရှင်ကျန်လွတ်မြောက်ခဲ့သူ (၃)ဦးရှိကြောင်းလည်း တာဝန်ရှိသူများကပြောကြားခဲ့သည်။ဂျက်လေယာဉ်ပျက်ကျမှုသည် ဖေဖော်ဝါရီလ(၉)ရက်၊ညနေ (၃)နာရီ (၁၅)မိနစ်အချိန်တွင် Naples မြို့အနီးရှိ Interstate 75 အဝေးပြေးလမ်းမတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Federal Aviation Administration (FAA) ၏ အဆိုအရသိရသည်။ ယင်းဂျက်လေယာဉ်ပေါ်တွင် လူ(၅)ဦးလိုက်ပါလာခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ လုပ်ငန်းသုံးဂျက်လေ ယာဉ်သည် အဝေးပြေးလမ်းမပေါ်သို့ပျက်ကျကာ မော်တော် ယာဉ်တစ်စီးနှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းမီဒီယာများကဖော်ပြခဲ့သည်။ Bombardier Challenger 600 လုပ်ငန်းသုံး ဂျက်လေယာဉ်သည် အိုဟိုင်းရိုးပြည်နယ်လေဆိပ်မှ Naples လေဆိပ်သို့ ထွက်ခွါလာခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

Bombardier Challenger 600 ဂျက်လေယာဉ် လေယာဉ်မှူးက ၎င်းတို့လေယာဉ်၏ အင်ဂျင်(၂)ခုလုံး ပျက်စီးသွားပြီဟု သတင်း ပေးပို့ခဲ့ကြောင်း Air Traffic Control စင်တာ၏ပြောကြားချက်များကို ကိုးကားပြီး NBC2 သတင်းစာကဖော်ပြခဲ့သည်။ အဝေးပြေးလမ်းမပေါ်ရှိ ကားသမားအများအပြား ရိုက်ကူးထားသော ဗီဒီယိုဖိုင်ထဲတွင် မီးလောင်ကျွမ်းနေသော လေယာဉ်အပျက်အစီးများကို တွေ့မြင်ခဲ့ရသည်။ Bombardier Challenger 600 ဂျက်လေယာဉ်ကို ဒေသတွင်းစင်းလုံးငှားကုမ္ပဏီ Hop-a-Jet က ပိုင်ဆိုင်ကြောင်း ပျံသန်းမှုမှတ်တမ်းများကို ကိုးကားပြီး Daily Beast သတင်းဝက်ဘ်ဆိုက်ကဖော်ပြခဲ့သည်။