ဧပြီလ ၂၉ ရက်နေ့ မှုခင်းသတင်းများ

-ဧပြီလ ၂၈ ရက် ၀၉၃၀ နာရီတွင် ဒေါင်းမင်း PDF အကြမ်းဖက်အဖွဲ့မှ ဝေဖြိုးဦး ခေါင်းဆောင် ၆ ဦးခန့်သည် Vigo ယာဉ် ၁ စီးဖြင့်ရောက်ရှိလာပြီး သရက်ချောင်းမြို့နယ်၊ ဆင်ကျန်းကျေးရွာနေ ဦးသန်းတင်(၇၁)နှစ်အားလည်းကောင်း၊ ၁၀၀၀ နာရီတွင် ချောက်ချောင်းကျေးရွာနေ ဦးစံမင်း(၅၉)နှစ်နှင့် သားဖြစ်သူ မင်းလွင်ဦး(၃၂)နှစ်တို့ ၂ ဦးအားလည်းကောင်း သူလျှို/ဒလန်ဟုစွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ။

-ဧပြီလ ၂၈ ရက် ၀၉၃၀ နာရီတွင် ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်နေ ဦးထွန်းထွန်း(၄၀)နှစ်သည် ပခုက္ကူမြို့နယ်၊ ရွှေတန့်သစ်ကျေးရွာသို့ အင်ဂျင်အဟောင်းများ သွားရောက်ဝယ်ယူ၍ သုံးဘီးယာဉ်ဖြင့် ပခုက္ကူမြို့သို့ပြန်လာစဉ် ရွှေတန့်သစ်ကျေးရွာအထွက် ကားလမ်းအရောက်၌ PDF အကြမ်းဖက်အဖွဲ့ဝင် ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် နောက်မှလိုက်ပါလာပြီး ပစ္စတိုဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ဦးထွန်းထွန်းတွင် နောက်ကျော၊ ယာလက်မောင်း၊ ရင်အုံကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဧပြီလ ၂၈ ရက် ၁၀၃၀ နာရီတွင် စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာရှိ ဈေးအတွင်း၌ ကျေးရွာအရန်မီးသတ်တပ်ခွဲမှူး ဦးကြည်လှိုင်(၆၃)နှစ်သည် လက်ဖက်ရည်သောက်နေစဉ် အကြမ်းဖက် PDF ကျား ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိ လာပြီး ပစ္စတိုဖြင့် ပစ်ခတ်၍ ဦးကြည်လှိုင်၏ လက်ကိုင်ဖုန်းနှင့် ပိုက်ဆံအိတ်အား ယူဆောင်ထွက်ပြေးသွားခဲ့ရာ ဦးကြည်လှိုင်တွင် ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဧပြီလ ၂၇ ရက် ၁၅၅၀ နာရီတွင် ဆားလင်းကြီးမြို့၊ အမှတ်(၃)ရပ်ကွက်၊ မြို့နယ်လျှပ်စစ်ရုံး၌ မင်းမင်းလွင်(၃၄)နှစ်၊ လျှပ်စစ်ကျွမ်းကျင်-၅)၊ အမှတ်(၂)ရပ်ကွက်နေသူ တာဝန်ကျနေစဉ် PDF အကြမ်းဖက် အဖွဲ့ဝင် အင်အား ၃၀ ဦးခန့်သည် လက်နက်ငယ်များ ကိုင်ဆောင်၍ မော်တော်ယာဉ်များဖြင့် ရောက်ရှိလာပြီး မင်းမင်းလွင် အား ဒူးထောက်ခိုင်းကာ ရုံးအတွင်းရှိ RHNO တံဆိပ်ပါ 11/0.4 KV 400 KVA ထရန်စဖော်မာ ၁ လုံး (ကာလတန်ဖိုး ၄၈ သိန်းခန့်)အား ယူဆောင်၍ ဆားခါးကျေးရွာဘက်သို့ ထွက်ခွာသွားခဲ့ကြောင်းနှင့် ဆားလင်းကြီးမြို့အတွင်း လျှပ်စစ်မီးပြတ်တောက်မှု မရှိကြောင်း သိရှိရ။

-ဧပြီလ ၂၈ ရက် ၁၇၁၅ နာရီတွင် စစ်ကိုင်းမြို့နယ်၊ ကင်းကျေးရွာနေ ပုဂ္ဂလိကသင်္ဘောကျင်းမန်နေဂျာဖြစ်သူ ဦးကျော်ဆွေ(၆၅)နှစ်သည် ကင်းကျေးရွာရှိ သင်္ဘောကျင်း အလုပ်သမားနားနေဆောင်၌ တစ်ဦးတည်း ထိုင်နေစဉ် အကြမ်းဖက်သမား PDF ကျား ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး ပစ္စတိုဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးကျော်ဆွေတွင် ဦးခေါင်းနောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ>

-ဧပြီလ ၂၈ ရက် ၁၀၃၀ နာရီတွင် ငါန်းဇွန်မြို့နယ်၊ ဖောင်းကတောကျေးရွာနေ ဒေါ်ဝိုင်း(၇၆)နှစ်သည် နေအိမ်၌ရှိနေစဉ် အကြမ်းဖက်သမား PDF ကျား ၆ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဒေါ်ဝိုင်းတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ>

-ဧပြီလ ၂၈ ရက် ၀၆၀၀ နာရီတွင် ငါန်းဇွန်မြို့နယ်၊ ရဲပဒိုင်းကျေးရွာနှင့် ရွာသစ်ကျေးရွာကြားရှိ ရွာသစ်မြစ်ရေတင်ဆိပ် ကမ်း၌ လှိုင်မျိုးအောင်(၃၉)နှစ်၊ စက်မှုကျွမ်းကျင်(၃)သည် တာဝန်ထမ်းဆောင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ ဝင် အင်အား ၁၅ ဦးခန့်သည် မြင်းမူမြို့နယ်၊ ပုလဲတန်ကျေးရွာဘက်မှ စက်လှေများဖြင့် ရောက်ရှိလာပြီး လှိုင်မျိုးအောင်အား ဖမ်းဆီး၍ ပုလဲတန်ကျေးရွာဘက်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ။