ထိုင်းလိဂ်-၂ ပြိုင်ပွဲတွင် လွင်မိုးအောင် ဟက်ထရစ်သွင်းယူ

မြန်မာ့လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမားဖြစ်သူ လွင်မိုးအောင်သည် ယခုတစ်ပတ် ကျင်းပခဲ့သည့် ထိုင်းလိဂ်-၂ ပြိုင်ပွဲတွင် သူ၏မိခင်ကလပ် ရရောင်းအသင်းအတွက် ဟက်ထရစ်သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။

ယခုတစ်ပတ် ထိုင်းလိဂ်-၁၊ ထိုင်းလိဂ်-၂ ပြိုင်ပွဲများကို ဧပြီ ၁၉၊ ၂၀၊ ၂၁ ရက်များက ကျင်းပပြုလုပ်ခဲ့သည်။

လွင်မိုးအောင်၏ ရရောင်းအသင်းသည် ထိုင်းလိဂ်-၂ ပြိုင်ပွဲ ပွဲစဉ် ၃၃ အဖြစ် မြန်မာတောင်ပံတိုက်စစ်ကစားသမား စည်သူအောင်၏ ဆာမတ်ပရာကန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ(၈-၄) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ယင်းပွဲတွင် လွင်မိုးအောင်သည် ရရောင်းအသင်း၌ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပြီး ပွဲကစားချိန် ၃၊ ၆၊ ၄၂ မိနစ်များတွင် အသင်းအတွက် ဂိုးများ သွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။

လွင်မိုးအောင်သည် ရရောင်းအသင်းအတွက် ပထမဆုံးဟက်ထရစ်သွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အသင်းအတွက် သွင်းဂိုး ၁၀ ဂိုး အထိ သွင်းယူပေးထားပြီးဖြစ်ကြောင်း သိရသည်။

ယခုတစ်ပတ် ထိုင်းလိဂ်များတွင် မြန်မာကစားသမားများထဲမှ လွင်မိုးအောင်၊ သန်းပိုင်၊ အောင်သူ၊ မောင်မောင်လွင်၊ အောင်ကောင်းမာန်၊ အီစိုးနှင့် ဆွမ်လမန်တို့ ကစားခွင့်ရရှိခဲ့ပြီး ဇော်မင်းထွန်း၊ ဟိန်းဖြိုးဝင်း၊ စည်သူအောင်တို့ ကစားခွင့်မရရှိခဲ့ပေ။

crd;eleven