ကွင်းထဲမှာလမ်းလျှောက်နေတဲ့ Video ဖိုင်ကြောင့် မက်ဆီကို ပီအက်စ်ဂျီပရိတ်သတ်တွေ စိတ်ပျက်နေ

ပြီးခဲ့တဲ့ အင်္ဂါနေ့က ယှဥ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဥ်မှာ အိမ်ကွင်းပွဲစဥ် ဖြစ်တာနဲ့အညီ ပီအက်စ်ဂျီတို့ ဘိုင်ယန်ကို အသာစီး ရယူနိုင်ဖို့ မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမယ့် လက်တွေ့မှာတော့ ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်ကပဲ ၅၃ မိနစ်မှာ ရရှိခဲ့တဲ့ ကိုးမန်းရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာပါ။ ပွဲပြီးခါနီးမှာ အမ်ဘက်ပီတစ်ယောက် သွင်းဂိုးတွေ ရယူနိုင်ခဲ့ပေမယ့် လူကျွံနေခဲ့လို့ ပယ်ဖျက်ခြင်း ခံခဲ့ရပါတယ်။ ဒါ့အပြင် မက်ဆီရဲ့ ဂိုးရနိုင်တဲ့ ကျော်ဖြတ်မှုကိုလည်း ဘိုင်ယန်နောက်ခံလူ ပါဗတ်ဒ်က ထုတ်ပယ်ခံပြီး ဖြတ်ထုတ်ခဲ့တာကြောင့် ပီအက်စ်ဂျီတို့ အရှုံးပေးခဲ့ရတာပါ။

ဒါကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုတွေ ရယူလိုနေတဲ့ ပီအက်စ်ဂျီ ပရိတ်သတ်တွေဟာ သူတို့အသင်းရဲ့ စွမ်းဆောင်မှုတွေနဲ့ ပတ်သက်လို့ ကျေနပ်မှု မရှိခဲ့ကြပါဘူး။ ခုတော့ Video ဖိုင်တစ်ခု ထွက်ပေါ်လာမှုနဲ့အတူ မက်ဆီဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါပြီ။ ပထမပိုင်းမိနစ်တွေအတွင်း ဂိုးမရှိ သရေကျနေချိန် ပြိုင်ဘက် နောက်ခံလူတွေဆီကနေ

ဘောလုံးပြန်ရဖို့ နေမာတစ်ယောက် pressing လုပ်ပြီး ဖိအားပေးကစားနေတာကို Video ဖိုင်ထဲမှာ မြင်တွေ့ခဲ့ရတာပါ။ ဒါပေမယ့် အဲ့ဒီလို ဖိအားပေးကစားနေတာက နေမာတစ်ယောက်ပဲ ဖြစ်နေခဲ့ပြီး သူနဲ့အတူ ပီအက်စ်ဂျီတိုက်စစ်အတွက် ပွဲထွက်ခဲ့တဲ့ မက်ဆီကတော့ ကွင်းအတွင်း လမ်းလျှောက်နေတာကိုပဲ မြင်တွေ့ခဲ့ရတာပါ။

ဒါကြောင့်လည်း ပီအက်စ်ဂျီပရိတ်သတ်တွေဟာ မက်ဆီအပေါ် စိတ်ပျက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို မြင်တွေ့အပြီးမှာ ပရိတ်သတ်တစ်ယောက်က ” မက်ဆီကို ဘယ်မှာမှ ရှာမတွေ့ဘူး၊ အမှန်တကယ် ကြိုးစားခဲ့တဲ့ နေမာကို အများကြီးလေးစားပါတယ်၊ သူ့ကိုတော့ အပြစ်မတင်ရက်ဘူး “လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။ အခြားတစ်ယောက်ကလည်း ” ဒါကို ကျွန်တော့်ရဲ့ Man of the match ဆုရှင် နေမာတစ်ယောက်ပဲ လုပ်နေခဲ့တာ “လို့ ရေးသားခဲ့သလို ကျန်တစ်ယောက်ကလည်း ” ဘောလုံးမှာ မက်ဆီရဲ့အလုပ်က ပြီးဆုံးသွားပြီ၊ သူက စိတ်လှုပ်ရှားဖို့အတွက်ပဲ ကစားနေတာ “လို့ မှတ်ချက်ပြုသွားခဲ့တာပါ။