ထိုင်းနိုင်ငံတွင် မင်္ဂလာဧည့်ခံပွဲ၌ သတို့သားကပစ်ခတ်၍ သတို့သမီးအပါအဝင် ငါးဦးသေဆုံး

ခြေထောက်တစ်ဖက်မသန်စွမ်းသော ကွန်မန်ဒိုတပ်ဖွဲ့ဝင်အဟောင်းတစ်ဦးလည်းဖြစ်သည့် သတို့သားက ၎င်း၏ မင်္ဂလာပွဲတွင် ၎င်းကိုယ်တိုင်ဝရုန်းသုန်းကား ပစ်ခတ်မှု တစ်ခုကိုပြုခဲ့ရာ သတို့သမီးအပါအဝင် လူလေးဦးသေဆုံးခဲ့ရပြီး တစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့မှု ထိုင်းနိုင်ငံ၊ နာခွန်ရတ်ချာဆီမာပြည်နယ်တွင် နိုဝင်ဘာ ၂၅ ရက်ညက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုအပြီးတွင် သတို့သားက ၎င်း၏ခေါင်းကိုပစ္စတိုသေနတ်ဖြင့်ပြန်ပစ်၍ သတ်သေသွားခဲ့သောကြောင့်ပစ်ခတ်မှု၌စုစုပေါင်း လူငါးဦးသေဆုံးခဲ့ရကြောင်းလည်းသတင်းများကဖော်ပြခဲ့သည်။

ပစ်ခတ်မှုက နာခွန်ရတ်ချာဆီမာပြည်နယ်၊ ဝန်နမ်ခီအိုမြို့နယ်၏ ရွာအမှတ်(၁) တွင် အသက် ၂၉ နှစ်ရှိ သတို့ သား ချာတူရွန် ဆပ်ဆပ်နှင့် အသက် ၄၄ နှစ်ရှိ သတို့သမီး ကန်ချာနာ ပါချွန်သွပ်တို့၏ မင်္ဂလာပွဲ၌ နိုဝင်ဘာ ၂၅ ရက် ည ၁၁ နာရီ၂၅ မိနစ်က ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။ ဝန်နမ်ခီအိုမြို့နယ် ရဲတပ်ဖွဲ့ က အချင်းဖြစ်ပွားရာနေရာတွင် စုံစမ်းထောက်လှမ်းမှုများပြုခဲ့ကြောင်းလည်းသိရသည်။

နိုဝင်ဘာ ၂၅ ရက် နံနက်က သတို့သားနှင့် သတို့သမီးအကြား ရိုးရာလက်ထပ်ပွဲအခမ်းအနားကျင်းပခဲ့ပြီး ညပိုင်းတွင် မင်္ဂလာ ဧည့်ခံပွဲကျင်းပနေစဥ် ပစ်ခတ်မှုဖြစ်ပွားခဲ့ရခြင်းလည်းဖြစ်သည်။ သတို့သား ချာတူရွန်က အပျော်တန်းကွန်မန်ဒိုတပ်ဖွဲ့တွင်အမှုထမ်းခဲ့ပြီး ခြေထောက်တစ်ဖက် မသန်မစွမ်းဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးက လက်မထပ်မီ လွန်ခဲ့သောသုံးနှစ်ကပင်အတူတူနေခဲ့ကြပြီး ချာတူရွန်မှာ သတို့သမီး ကန်ချာနာ ထက် ၁၅ နှစ်ငယ်သည်။ ချာတူရွန်က ညာဖက် ခြေထောက်အား လွန်ခဲ့သည့်နှစ်များက မတော်တဆဆုံးရှုံးခဲ့ပြီးနောက် ၎င်းအနေဖြင့်မသန်မစွမ်းဖြစ်မှုကြောင့် ကန်ချာနာ က အခြားတစ်ဦးသို့ပို၍ တိမ်းညွှတ်မှုပြုလာမည်ကို စိုးရွံ့နေကြောင်းလည်း သိရသည်။

ဧည့်ခံပွဲကို ညအချိန်ကျင်းပရာ၌ ဖိတ်ကြားထားသည့်မိတ်ဆွေသူငယ်ချင်းဧည့်သည်များနှင့်နှစ်ဖက်ဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။ ၎င်းတို့က ချာတူရွန်မှာ ဧည့်ခံပွဲ၌ ပျော်ရွှင်ချမ်းမြေ့ပုံ မပေါ်ကြောင်း သတိထားမိသည်ဟု ပြောခဲ့ကြသည်။

ဧည့်ခံပွဲကျင်းပနေစဥ် ချာတူရွန်နှင့်သတို့သမီး ကန်ချာနာ ၏မိသားစုတို့ တစ်ဝိုင်းတည်းထိုင်၍ အရက်သောက်နေကြစဥ် ချာတူရွန်နှင့် ကန်ချာနာတို့အပြန်အလှန်စကားများခဲ့သေးကြောင်း မျက်မြင်တွေ့သူတစ်ယောက်က ပြောခဲ့သည်။ ညနှောင်းပိုင်းတွင်မူ ချာတူရွန်က အပြင်ရှိ ၎င်း၏ကားရှိရာသို့ ရုတ်တရက်ထွက်သွားခဲ့သည်။ထို့နောက်တွင်မူ ပစ္စတိုသေနတ်တစ်လက်ဖြင့်ပြန်လာကာ သတို့သမီးသို့ ဦးတည်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက်တွင် ၎င်းက အသက် ၆၂ နှစ်ရှိ သတို့သမီး ၏မိခင်၊ အသက် ၃၈ နှစ်ရှိ သတို့သမီး၏ညီမနှင့် အသက် ၅၀ နှစ်ရှိ ဧည့်သည် တစ်ဦးတို့ကိုပါ အသေပစ်ခတ်ခဲ့ခြင်းဟုသိရသည်။

အသက် ၂၈ နှစ်ရှိ ဘမ်ရွန် ချာသီရတ် အမည်ရှိ ဧည်သည် တစ်ဦးမှာမူ ပစ်ခတ်မှုများကြောင့် ပြင်းထန်စွာ ဒဏ်ရာရကာ ဆေးရုံသို့တင်ခဲ့ရသည်။ ရဲတပ်ဖွဲ့က ပစ်ခတ်မှုဖြစ်ပွားခဲ့ရခြင်း၏ တိကျသော အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။