Ice – cream EV တွေက ပြည်တွင်းကားစျေးကွက်ကို ရိုက်ခတ်မှုမရှိနိုင်

အခုပြည်တွင်းကားစျေးကွက်ကိုဝင်ရောက်လာတဲ့ Ice – cream EV တွေကပြည်တွင်းကားစျေးကွက်ကို သိသိသာသာပြောင်းလဲရိုက်ခတ်မှုတွေမရှိနိုင်ဘူးလို့ ပြည်တွင်းရှိကားစျေးကွက်ရေးရာကျွမ်းကျင်သူတွေနဲ့ ကားဝယ်ရောင်းလုပ်ကိုင်သူတွေရဲ့ခန့်မှန်းသုံးသပ်ချက်တွေအရ သိရပါတယ်။

“ဘယ်လိုခေါ်မလဲတူတူတန်တန် EV ကားတွေဝင်လာမယ်ဆိုရင်တော့ပြည်တွင်းကားစျေးကွက်ကိုရိုက်ခတ်မှုတွေကဖြစ်လာနိုင်တယ်လေ။သူတို့လက်ရှိထုတ်နေတဲ့ Ice – cream တို့လို BAW တို့လို EV တွေကြောင့်တော့ စျေးကွက်ကိုမထိနိုင်ဘူး။သူရဲ့သဘောသဘာ၀ကမီနီအိုးဝေလောက်ရှိတာကိုး။ပြီးတေ့ာဒီကောင်ရဲ့ပုံသေနည်းကဘယ်လိုသွားရှာမလဲ။တစ်ခုခု Error ဖြစ်ပြီဆိုရင်ဘယ်သွားရှာမလဲ၊ဘယ်ဝပ်ရှော့ကလုပ်ပေးမလဲ၊အဲ့လိုမျိုးဆိုတော့လေ၊သို့သော်သူကတစ်ခုရှိတာကနာမည်ကြီးအမှတ်တံဆိပ်တွေရှိတယ်လေအဲ့ဒါတွေပေါပေါလောလောနဲ့ဝင်လာရင်တော့တစ်မျိုးတစ်ဖုံတော့ဖြစ်လာနိုင်တာပေါ့။ဒီ Ice – cream တို့ဘာတို့ဆိုတာကအကောင်သေးသေးလေးတွေကိုသိန်း ၄၆၀ ဆိုတော့တချို့လည်းတွက်ပြထားတယ်။သူကတရုတ်ယွမ် ၆ သိန်း ၉ သောင်းနဲ့ ၈ ထောင်ပဲကျတယ်။မြန်မာငွေနဲ့ပြန်တွက်လိုက်တဲ့အခါမှာကျတော့ ၁၃၅ သိန်းပဲကျတယ်။ ၁၃၅ သိန်းပဲကျတာကိုး၊အခုသိန်း ၄၆၀ ဆိုတာကအဆမတန်ကြီးကောက်ထားတယ်ပေါ့။ဒါကြောင့်မို့ဒီလိုကုန်စည်တွေအပေါ်စျေးအဆမတန်တင်ထားတဲ့အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေဘယ်လောက်နဲ့ထိခိုက်ပြီးတော့ဘယ်လိုလုပ်တယ်။ဘာညာပေါ့လေ။ဒီလိုမျိုးတွေလည်းလိုင်းပေါ်မှာတော့သုံးသပ်နေကြတာတွေ့ရတယ်”လို့ ပြည်တွင်းရှိ ကားဝယ်ရောင်းလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ကိုမောင်မောင်(အမည်လွဲ)က ပြောပြခဲ့ပါတယ်။

အဲ့ဒီအပြင်ပြည်တွင်းမှာ EV ကားတွေကိုတွင်တွင်ကျယ်ကျယ်အသုံးပြုစေလိုပါလျှပ်စစ်မီးကိုအပြည့် အ၀ရရှိအောင်ဆောင်ရွက်ပေးဖို့လိုတယ်လို့လည်း ကားစျေးကွက်ရေးရာကျွမ်းကျင်သူတစ်ဦးက သူရဲ့အမြင်ကိုအခုလို ဆက်ပြီးသုံးသပ်ပြောပြခဲ့ပါတယ်။

“EV ကိုသူတို့ကတအားကြီးမောင်းစေချင်တယ်ဆိုလို့ရှိရင်လျှပ်စစ်မီးကိုရအောင်အရင်လုပ်မှရမယ်။အခုလျှပ်စစ် မီးကရပ်ကွက်ထဲမှာဆိုလေးနာရီခြားတစ်ခါပျက်နေတာလေ။ညနေ ၅ နာရီကပျက်တယ်ဆိုရင် ည ၉ နာရီမှလာ တယ်။EV တွေကိုအားသွင်းဖို့နေသာသာစားရေးသောက်ရေး၊နေရေးထိုင်ရေးကအခက်အခဲရှိတယ်၊ပြီးတော့ဒီ EV ကားတွေအိမ်မီးနဲ့သွင်းပြန်ရင်လည်းပြဿနာကတစ်ခုဖြစ်နေပြန်တယ်။မီးလောင်ဆိုတဲ့ပြဿနာပေါ့။သူရဲ့ EV Car Charging Station တွေကလည်းလုံလုံလောက်လောက်မရှိသေးတော့သွင်းဖို့ခက်တာပေါ့။အဲ့ဒီလိုအပိုင်းတွေကိုလည်းအများကြီးတွေ့ရတယ်”လို့ သူက သုံးသပ်ပြောပြခဲ့ပါတယ်။