Move Forward Party က ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေးအတွက် အခြားပါတီများနှင့်ဆွေးနွေး

ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ရှေ့သို့ချီပါတီ( Move Forward Party)သည် ရွေးကောက်ပွဲရလဒ်များထွက်ပေါ်လာပြီးနောက် ၃ ရက်အကြာ မေလ ၁၇ ရက်မှာ ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရန်အတွက် အခြားပါတီ ၅ ခုနှင့် ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ထိုင်းအစိုးရသစ်ကို လာမည့်ဇူလိုင်လတွင်ဖွဲ့စည်းမည်ဖြစ်ရာ ရွေးကောက်ခံအောက်လွှတ်တော်နှင့်ခန့်အပ်ခံအထက်လွှတ်တော်နှစ်ရပ်ပေါင်း၍ ဝန်ကြီးချုပ်အား မဲပေးရွေးချယ်ကြမည်ဖြစ်ပါတယ်။ Move Forward ပါတီအနေဖြင့်လည်း ထိုင်းဘုရင်စနစ်ကိုအကြည်အညိုပျက်စေလျှင် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည့် ထိုင်းတော်ဝင်မိသားစု အကာအကွယ်ပေးရေးဥပဒေကို ပြင်ဆင်ရန် အဆိုပြုထားပါတယ်။ ဒါကြောင့် အထက်လွှတ်တော်အမတ်များက ၎င်းတို့အနေဖြင့် .ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုအန်ရတ်(Pita Limjaroenrat) အား ဝန်ကြီးချုပ်အဖြစ် ထောက်ခံမဲပေးမည်မဟုတ်ဟု ရွေးကောက်ပွဲအနိုင်ရလဒ်ထွက်ပေါ်လာပြီးနောက် ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရပါတယ်။