မှတ်တမ်း မရေးထားသော နှလုံးသားထဲက ပုံရိပ်များ

ဗိုလ်သင်တန်းကျောင်းတွင် မိမိတို့ သင်တန်းစပြီး နှစ်ပတ်၌ ဗသက(၅၉) စည်သူတပ်ခွဲ သင်တန်းဆင်းစစ်ရေးပြလေ့ကျင့်ရာ တေဇတပ်ခွဲက နောက်ရန်တပ်ခွဲအဖြစ် ကျောင်းဆင်းစစ်ရေးပြ ပါ၀င် လေ့ကျင့်ရပါတယ်။ အကောင်းဆုံးဗိုလ်လောင်းဆုအား ကျောင်းဆင်းမည့်အချိန်အထိ မည်သူရရှိမလဲ မသိကြသလို၊ အကောင်းဆုံးဗိုလ်လောင်းအတွက် ဗိုလ်လောင်းနှစ်ယောက် အပြိုင်အဆိုင် ဖြစ်နေသည်ကို မိမိတို့ပင် စိတ်၀င်စားမိပါတယ်။ စည်သူတပ်ခွဲသင်တန်းဆင်းသည့်အခါ ဗိုလ်လောင်းအောင်၀င်းနှင့်အတူ အောင်ဆန်းခန်းမရှေ့၌ ကျောက်ဆည်သား ဗိုလ်လောင်းများ အမှတ်တရဓာတ်ပုံ ရိုက်ကြပါတယ်။ မိမိနှင့်ရင်းနှီးသည့် ကျောင်းဆင်းအရာရှိများအား လိုက်လံနှုတ်ဆက်ပါတယ်။
ဒုတိယဗိုလ် မျိုး၀င်းက ခမရ(၁၀)၊ ဒုတိယဗိုလ် ဂေလောက ခလရ(၇၇)၊ ဒုတိယဗိုလ် အောင်နိုင်က ခလရ(၉၄)၊ ဒုတိယဗိုလ် အောင်၀င်း ရောက်ရှိသည့်တပ်ရင်း မမှတ်မိ‌တော့ပါ။ ဒုတိယဗိုလ် မျိုး၀င်းနဲ့ ဒုတိယဗိုလ် အောင်၀င်းတို့ကို ကျောင်းဆင်းပြီးနောက်ပိုင်း ပြန်မဆုံကြတော့ပါ။ ဒုတိယဗိုလ် ဂေလောနဲ့ ၁၉၉၀/ ၉၁ နှစ်တွင် ရန်ကုန်၌ ပြန်တွေ့ပါတယ်။ ထိုအချိန်တွင် မိုင်းထိမှန်ကာ ခြေတစ်ဖက် စွန့်လွှတ်ထားရပြီး နယ်ဘက်ဌာန၌ ထမ်းဆောင်နေပြီဖြစ်ကာ ထိုနောက်ပိုင်း မဆုံဖြစ်တော့ပါ။ ဒုတိယဗိုလ် အောင်နိုင်နဲ့တော့ ၁၉၈၃ ခုနှစ်တွင် ရပခ၊ တပ်သားသစ်သင်တန်းကျောင်း၌ ပြန်လည် ဆုံတွေ့ပြီး‌နောက် နှစ်များစွာကြာသည်အထိ ပြန်ဆုံကြပါတယ်။
စည်သူတပ်ခွဲ ကျောင်းဆင်းသည့် စနေနေ့ညတွင် စားရိပ်သာနှင့်တွဲလျက် ဧည့်ခန်းမ၌ ပြသသည့် ရုပ်မြင်သံကြားအစီအစဉ် သွားရာက်ကြည့်ရှုပါတယ်။ ဗိုလ်သင်တန်းကျောင်းတွင် ညအချိန်၌ စားရိပ်သာ၊ ဧည့်ခန်းမတွင် ရုပ်မြင်သံကြား ပြသပေးရာ ကျောင်းအုပ်ကြီးနှင့် မိသားစု၊ နည်းပြအရာရှိများနှင့် မိသားစုများပါ စားရိပ်သာ ဧည့်ခန်းမ၌ လာရောက် ကြည့်ရှုကြပါတယ်။ ဗိုလ်လောင်းများက တရားဝင် ကြည့်ရှုခွင့်မရသဖြင့် နောက်နားကနေ ပုန်းလျှိုး ကွယ်လျှိုး ကြည့်ကြရပါတယ်။
ရုပ်မြင်သံကြားပေါ်ခါစ၊ မိမိလည်း တေးသီချင်းနှစ်သက်သူဖြစ်၍ မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်သည့် တေးဂီတအစီအစဉ်ကို သွားရောက် ကြည့်ရှုပါတယ်။ နည်းပြအရာရှိများကလည်း ဗိုလ်လောင်းများ လာရောက် ကြည့်ရှုသည်ကို တွေ့မြင်ပေမယ့် နောက်လှည့်မကြည့်ဘဲ နားလည်ပေးထားပါတယ်။ ကျောင်းဆင်းတပ်ခွဲက အရာရှိများဖြစ်သွားကြ၍ လွတ်လပ်စွာ သွားလာခွင့်ရပြီး အများစု ရုပ်မြင်သံကြား လာကြည့်ကြပါတယ်။ အခြား ဗိုလ်လောင်းတပ်ခွဲများမှ ဝါသနာရှင်များလည်း နောက်နားကနေ တိုးဝှေ့ကြည့်ကြပါတယ်။
စနေနေ့ အစီအစဉ်တွင် မိမိ နှစ်သက်သည့် တေးဂီတအစီအစဉ်၌ အဆိုတော် တင်မိုးခိုင်ရဲ့ သီချင်းထုတ်လွှင့်နေပါတယ်။ မိမိတို့နှစ်သက်သည့် တေးသီချင်း ထုတ်လွှင့်နေပေမယ့် ရုပ်မြင်သံကြားပြစက် အသံတိုး‌နေသဖြင့် နောက်ပိုင်းမှ ကြည့်ရှုနေသူများ သီချင်းသံ ကောင်းစွာ မကြားရပါ။ ရုပ်လည်းမမြင်ရ၊ အသံလည်း မကြားရ၍ နောက်ပိုင်း၌ အားမလိုအားမရဖြစ်နေကြရာ အရိပ်အကဲနားမလည်သည့်မိမိက ကျောင်းအုပ်ကြီးထံ သွားရောက်ကာ အလေးပြုပြီး “နောက်က မကြားရပါဘူး ကျောင်းအုပ်ကြီး”ဟု သတင်းပို့လိုက်ပါတယ်။ ကျောင်းအုပ်ကြီးကလည်း မိမိ တင်ပြချက်ကို အသိအမှတ်ပြုကာ အသံချဲ့ပေးရန် ပြောလိုက်ပါတယ်။ အသံကျယ်လာတာကြောင့် နောက်ကနေ ကြည့်ကြသူများ ကျေနပ်သွားကြပါတယ်။ ထိုအဖြစ်က ထိုမျှနှင့် ပြီးသွားပေမယ့် နည်းပြအရာရှိတစ်ဦးက သတိပြုမိသွားမှန်း နောက်ပိုင်းတွင် သိလိုက်ရပါတယ်။
သင်တန်းကာလ တစ်လအကြာ၌ (၃၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခန်းအနားတွင် ပါဝင် ချီတက်ရန် ကျိုက္ကဆံကွင်း၌ တည်းခိုပြီး တပ်မတော်နေ့မတိုင်မီ တစ်လကြာ စစ်ရေးပြ လေ့ကျင့်ရပါတယ်။ ကျိုက္ကဆံကွင်း၌ အောင်ဇေယျစစ်ကြောင်းနှင့် အောင်ဆန်းစစ်ကြောင်းတို့မှ ဗိုလ်လောင်းတပ်ခွဲ သုံးခွဲ၊ တိုင်း/တပ်မ ကိုယ်စားပြု စစ်ရေးပြတပ်ခွဲများ တည်းခိုပါတယ်။ မိမိတို့တပ်ခွဲက ပွဲကြည့်စင်နှင့်ကပ်လျက် အခန်းကျယ်တွင် တပ်ခွဲတစ်ခွဲလုံး အိပ်ဆောင်အလိုက် ခုတင်များတန်းစီပြီး နေကြပါတယ်။ သင်တန်းကျောင်းတွင် နေထိုင်ရသည်ထက် ကျဉ်းကျပ်ပေမယ့် ပို၍ လွတ်လပ်စွာ နေကြရပါတယ်။ ရန်ကုန်သား ဗိုလ်လောင်းများကတော့ တပ်ပြင်ထွက်ခွင့်မရခင် ရန်ကုန်၌ အခြေပြုနေကြရ၍ မိဘသားချင်းများ လာရောက်တွေ့ဆုံခွင့်ရကာ အဆင်ပြေသွားပါတယ်။ အဖေ့ဘက်က အမေကြီးနဲ့ ဦးလေး၊ ဒေါ်လေးတို့ ရန်ကုန်၌ ရှိပေမယ့် အလုပ်မပိုစေလို၍ အကြောင်းမကြားပါ။ မိမိ ထွက်ခွင့်ရရှိမှ သွားရောက်ရန် စဉ်းစားထားပါတယ်။
ကျိုက္ကဆံကွင်း၌ တည်းခိုနေသည့် လပခ(တောင်ငူ)ကိုယ်စားပြု စစ်ရေးပြတပ်ခွဲတွင် မိမိ တပ်သားသစ် သင်တန်းတက်စဉ်က တပ်ခွဲ(၄) လက်ဝှေ့နည်းပြဆရာ တပ်ကြပ် ချန်ဒရာဗဟာဒူးအား တွေ့ရ၍ သွားရောက် နှုတ်ဆက်ကာ စကားပြောပါတယ်။ တပ်ခွဲ(၄)တွင် လက်ဝှေ့ မသင်ခဲ့ရပေမယ့် ဆရာက မိမိကို မှတ်မိနေပါတယ်။


ကျိုက္ကဆံကွင်းတွင် နိုင်ငံကိုယ်စားပြု အားကစားသမားများလည်း လေ့ကျင့်နေကြကာ စိတ်၀င်စားစွာဖြင့် လိုက်လံကြည့်ရှုပါတယ်။ အမျိုးသမီး ဂျွမ်းဘားအဖွဲ့ လေ့ကျင့်သည့်နေရာတွင် ဗိုလ်လောင်းအများစု ကြည့်ရှု အားပေးကြကာ အမည်များပါ သိရှိလာပါတယ်။ နေ့စဉ်လိုလို အားပေးကြည့်ရှုကြသဖြင့် မျက်မှန်းတန်းသူများ ရှိလာပါတယ်။
နံနက်ပိုင်းတွင် ကျိုက္ကဆံကွင်း၌ စစ်ရေးပြ လေ့ကျင့်ပါတယ်။ ရာသီဥတုပူ၍ ပင်ပန်းကြကာ နံနက် စောစောတွင် မဆိုးလှပေမယ့် တဖြည်းဖြည်း နေမြင့်လာသည့်အခါ ချွေးတလုံးလုံးဖြစ်လာပါတယ်။ သေနတ်ကို ရိုက်လိုက် ထမ်းလိုက်နဲ့ ပခုံးနဲ့လက်ဖျံတွေ နာလာပါတယ်။ မိမိတို့ အားထည့်လုပ်ပြီး၊ ညီညီညာညာ ဖြစ်ပေမယ့်၊ နောက်တစ်ကြိမ်၊ နောက်တစ်ကြိမ်ဆိုကာ အကြိမ်ကြိမ် လေ့ကျင့်ရပါတယ်။ အကြိမ်ရေများလာတဲ့အခါ အသံ‌ရော၊ လှုပ်ရှားမှုပါ မညီမညာ ဖြစ်လာပါတယ်။ ထိုသို့ မညီမညာဖြစ်လာမှ အနားပေးပါတယ်။
အားထည့်ပြီး ညီညီညာညာဖြစ်ပေမယ့် “မကောင်းသေးဘူး၊ မညီသေးဘူး” ဆိုကာ ဆက်လုပ်နေရတာကြောင့် နောက်ပိုင်းတွင် သုံးကြိမ်အထိသာ အားထည့်လုပ်ကြပါတော့တယ်။ လေးကြိမ်မြောက် လုပ်ရပြီဆိုပါက မညီမညာတွေ ဖြစ်ကုန်ပါတယ်။ အမှန်တကယ် အားထည့်ကာ လုပ်စဉ်က “မကောင်းဘူး” ပြောသည်ကိုလည်း လက်မခံချင်ပါ။ မေမြို့ လေ့ကျင့်ရေးတပ်နဲ့ ဗထူး တပ်ကြပ်သင်ကျောင်းတို့တွင် စစ်ရေးပြဘာသာရပ်နှင့် ကျောင်းဆင်းစစ်ရေးပြ တို့ကို အကြိမ်ကြိမ် လေ့ကျင့်ခဲ့ပြီးဖြစ်ရာ တပ်ခွဲတစ်ခွဲလုံး တိုင်ပင်ကိုက်ပြီး ဖြစ်ပါတယ်။ အားမထည့်ဘဲ လုပ်တော့မှ အနားပေးရာ မိမိ အရာရှိဖြစ်လျှင် ထိုအပြုအမူမျိုး မပြုလုပ်ရန် မှတ်သားထားလိုက်ပါတယ်။
နေ့လယ်ပိုင်းတွင် ဆရာစံခန်းမ၌ ရဲဘော် ခင်မောင်လှ၊ တပ်ကြပ်ကြီး ညွှန့်ခင်တို့က စစ်ချီသီချင်းများ သင်ကြားလေ့ကျင့်ပေးပါတယ်။ ငယ်စဉ်ကာလက ကြားဖူးခဲ့သည့် စစ်ချီသီချင်းများ၊ ရေဒီယိုကနေ နားထောင်ခဲ့ရသည့်သီချင်းများကို ရဲဘော်ခင်မောင်လှနှင့် တပ်ကြပ်ကြီး ညွှန့်ခင်တို့ ကိုယ်တိုင် သီဆိုပြသည်ကို မြင်တွေ့ရသဖြင့် ကျေနပ်နေမိပါတယ်။
ညနေပိုင်းတွင် အနီးပတ်ဝန်းကျင် လမ်းလျှောက် လည်ပတ်ခွင့်ပြုပါတယ်။ တပ်မတော်စစ်ရေးပြ လေ့ကျင့်ချိန်တွင် တေဇတပ်ခွဲက သတ်မှတ်ကာလ မရောက်သေးသဖြင့် တနင်္ဂနွေနေ့၌ တပ်ပြင်ထွက်ခွင့် မရသေးပါ။ တနင်္ဂနွေနေ့ ၀၇၃၀ နာရီ နံနက်ပိုင်း တန်းစီချိန်တွင် ဗိုလ်လောင်းအားလုံး စုံလင်စွာ တန်းစီကြပါတယ်။ ထို့နေ့က တပ်ခွဲတာဝန်ကျအရာရှိမှာ ဗိုလ်ကြီး စိန်ဝင်းဖြစ်ပြီး အားပါးတရ ဗလုံးဗထွး ပြောဆိုတတ်ကာ တစ်ဇွတ်ထိုးလုပ်မည့်ပုံစံမျိုးဖြစ်ပါတယ်။ ဗိုလ်လောင်းများကိုလည်း မျက်နှာသာမပေးပါ။ ၀၉၀၀ နာရီတွင် ထပ်မံတန်းစီရာ အင်အား တစ်ဝက်ခန့်သာ တန်းစီပါတယ်။ ရန်ကုန်သားများနဲ့ နီးစပ်သူတွေ တပ်ပြင်ထွက်ကုန်ရာ “၁၀၀၀ နာရီ ပြန်တန်းစီမယ်၊ လိုက်ရှာကြ”ဟု ပြောပြီး တန်းဖြုတ်ပေးလိုက်ပါတယ်။
မိမိတို့လည်း အနီးတစ်ဝိုက်နှင့် အခြားတပ်ခွဲနေရာ၊ ရုပ်မြင်သံကြားပြတဲ့နေရာတွေမှာ လိုက်ရှာပြီး “တေဇတပ်ခွဲ၊ တန်းစီမယ်”ဟု အော်ကြပါတယ်။ တစ်ယောက်တလေ ပြန်ရောက်လာပြီး အများစုက အနီးအနား၌ မရှိကြပါ။ ၁၀၀၀ နာရီတွင် တန်းစီသည့်အခါ လူမစုံပါ။ တန်းစီသည့် မိမိတို့ကို ဆယ့်ငါးမိနစ်ခန့် အပြစ်ပြောဆိုပြီး ထပ်မံ လိုက်ရှာရန် တန်းဖြုတ်ပေးလိုက်ပြန်ပါတယ်။ ရှာလည်း တွေ့မည်မဟုတ်တော့သဖြင့် လိုက်မရှာတော့ပါ။ ၁၁၀၀ နာရီတွင် တန်းစီသည့်အခါ စိတ်ကသိကအောင့်ဖြစ်ရုံမက တင်းနေပါပြီ။ မစုံနိုင်မှန်း သိလျက်နဲ့ တန်းစီခြင်း ဖြစ်နေသလို ဘယ်မှမသွားဘဲ ကျန်နေသူတွေက နားလည်းမနားရ၊ တန်းစီရ၊ နားညည်းရဖြစ်နေပါတယ်။
တန်းစီပြီးနောက် တာဝန်ကျ ဗိုလ်လောင်းတပ်ခွဲမှူး၊ ဗိုလ်လောင်းခင်မောင်ချို (အာချို)က တာ၀န်ကျအရာရှိ ဗိုလ်ကြီး စိန်ဝင်းထံ တန်းအပ်ပါတယ်။
“ အခုထိ လူမစုံဘူး၊ မင်းတို့ လိုက်မရှာဘူးလား ”ဟု ဗိုလ်ကြီး စိန်၀င်းက မေးသည့်အခါ
“ လိုက်ရှာပါတယ် ”ဟု ဗိုလ်လောင်းများက ပြန်ဖြေကြပါတယ်။
“ ဘယ်တွေ လိုက်ရှာလဲ၊ နေရာအနှံ့ လိုက်မရှာဘူးလား ” ထပ်မေးရာ
“ လိုက်လည်း ရှာပါတယ်၊ အော်လည်းခေါ်ပါတယ် ”ဟု ပြန်ဖြေကြပါတယ်။
“မင်းတို့ အော်ခေါ်တာ ယောက်ျားလို မအော်ဘူးလား၊ ယောက်ျားလိုအော်မှ ကြားမှာပေါ့”ဟု ထပ်မေးရာ ဘယ်သူမှမဖြေဘဲ၊ ငြိမ်သွားပါတယ်။ အလှည့်ကျ တပ်ခွဲမှူး ဗိုလ်လောင်း ခင်မောင်ချို ၊ မိမိတို့တပ်စု အလှည့်ကျ တပ်စုမှူး ဗိုလ်လောင်း တင်ထွဋ်တို့လည်း ငြိမ်နေပါတယ်။
ဗိုလ်ကြီး စိန်ဝင်းက “ မင်းတို့ ယောက်ျားလို မအော်ဘူးလားလို့ မေးနေတာ မကြားဘူးလား ” ဟု ထပ်မေးလာရာ မိမိက “ယောက်ျားပဲ၊ ယောက်ျားလို အော်ပါတယ်”ဟု အသံကျယ်ကျယ်နဲ့ ပြန်ဖြေလိုက်ပါတယ်။ မိမိ ဖြေဆိုပြီးနောက် ဗိုလ်ကြီး စိန်ဝင်းက တန်းဖြုတ်ပေးပါတယ်။ မိမိကတော့ ဗိုလ်ကြီး စိန်၀င်း ကျေနပ်သွား၍ တန်းဖြုတ်ပေးလိုက်သည်ထင်ကာ အိပ်ရာပြန်ပြီး လဲ‌လျောင်း‌နေလိုက်ပါတယ်။


ထိုအချိန်တွင် ဗိုလ်လောင်းတပ်ခွဲမှူး ရောက်လာပြီး မိမိကို သင်တန်းရုံးက ခေါ်နေကြောင်း ပြောလာ၍ “ဘာဖြစ်လို့လဲ” မေးလိုက်ပါတယ်။ သူကလည်း “မသိဘူး” ပြန်ပြော၍ အိပ်ရာမှထပြီး ဗိုလ်လောင်း တပ်ခွဲမှူးနဲ့အတူ လိုက်သွားပါတယ်။ မိမိတို့ အိပ်ဆောင်နှင့်ကပ်ရက် သင်တန်းရုံးတွင် ဗိုလ်ကြီးစိန်ဝင်းနဲ့ အခြား ဗိုလ်လောင်းတပ်ခွဲမှ နည်းပြအရာရှိများ တွေ့ရပါတယ်။
ဗိုလ်ကြီး စိန်ဝင်းက မိမိကို စိုက်ကြည့်နေပြီး တော်တော် စိတ်တိုနေပုံ ရပါတယ်။ မိမိ သူရှေ့ရပ်လိုက်သည်နှင့် “ မင်းက ဘာကောင်လဲ၊ အတန်းထဲကနေ ဘာပြန်ပြောတာလဲ၊ အမြဲတမ်း မင်းလုပ်နေတာ ငါတွေ့ရတယ်၊ အရင် တစ်ခါ ကျောင်းမှာတုန်းကလည်း TV ကြည့်တာ အေးအေးဆေးဆေး မကြည့်ဘူး။ လာလည်း ခိုးကြည့်သေးတယ်၊ အသံတိုးတယ်ဆိုပြီး ကျောင်းအုပ်ကြီးကို သွားပြောတယ်။ ကျောင်းအုပ်ကြီးကို ငါတို့တောင် မပြောရဲဘူးကွ။ မင်းက Hero လား၊ Hero လုပ်နေတာလား၊ မင်းကိုမင်း ဘာထင်နေလဲ၊ မင်းကို ငါမပြုတ် ပြုတ်အောင် လုပ်မယ်။ ကကကျင့်ကို ဆက်သတင်းပို့မယ်၊ မင်းပြုတ်ကို ပြုတ်ရမယ် ”ဟု ဒေါသတကြီး ပြောဆိုကာ ဆူပူ ကြိမ်းမောင်းပါတော့တယ်။
မိမိလည်း သတိဆွဲပြီး နားထောင်နေရာမှ တဖြည်းဖြည်း သွေးဆူလာပါတယ်။ မျက်ရည်များ စီးကျလာကာ လက်သီးတင်းတင်း ဆုပ်လိုက်ပြီး၊ ဗိုလ်ကြီး စိန်ဝင်း စကားဆုံးသွားသည့်အခါ “ဗိုလ်ကြီး လုပ်ချင်သလို လုပ်ပါ၊ ကျွန်တော် ရဲဘော်ကလာတာ၊ ဗိုလ်လောင်းပြုတ်သွားလည်း တပ်ကိုပဲပြန်ရမှာ၊ ရှေ့တန်းမှာ ပြန်တွေ့မှာပါ”ဟု ပြန်ပြောလိုက်ပါတယ်။ ထိုသို့ မိမိ ပြန်ပြောလိုက်ရာ ဗိုလ်ကြီး စိန်၀င်း ဘာမှပြန်မပြောခင် အခြားတပ်ခွဲမှ နည်းပြအရာရှိ တစ်ဦးထလာပြီး မိမိအင်္ကျီကော်လံနှစ်စကို ဆုပ်ကိုင်လိုက်ကာ “မင်း ဘာစကားပြောတာလဲ”ဟု မေးလာပါတယ်။ မိမိကလည်း ဖြစ်ချင်ရာဖြစ်ဆိုတဲ့စိတ်နဲ့ အံကြိတ်ကာ ပြန်ကြည့်လိုက်ပါတယ်။ မိမိ အပြစ်မလုပ်ဘဲ၊ စည်းကမ်းတကျ လိုက်နာနေထိုင်ပါလျက်၊ မဖြစ်နိုင်သည့်အလုပ်တစ်ခုကို အပြစ်ရှာ လုပ်ခိုင်းသည့်အပြင်၊ မခံသာသည့် စကားလုံးများဖြင့် မေးမြန်းသည်ကို မေးမြန်းသည့်အတိုင်း ပြန်လည်ဖြေဆိုခြင်းဖြစ်၍ မိမိအမှားမဟုတ်ဟု ခံယူကာ ဖြစ်လာသမျှ ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်ပါတယ်။
ထိုအချိန်တွင် ကံအလှည့်အပြောင်းဖြစ်ကာ မိမိအား ကယ်တင်မည့်သူ ပေါ်လာပါတယ်။ တပ်သားသစ် သင်တန်းတက်စဉ်က တပ်ခွဲတိုက်စစ် လေ့ကျင့်ရာတွင် တပ်သားသစ် ရဲဝင်းကို နည်းပြဆရာ ရိုက်ပုတ်သည့်အခါ မိမိကိုယ်ဖြင့် ကာကွယ်ပေးခဲ့သောအကျိုးက ပြန်လည် အကျိုးပေးလာပါတယ်။ အခြား တပ်ခွဲမှ နည်းပြအရာရှိက မိမိအင်္ကျီကော်လံကို ဆုပ်ကိုင်လိုက်ကာ မေးမြန်းလာသည့် တစ်ချိန်တည်းတွင် မိမိဘဝကို ကယ်တင်ပေးမည့်သူ တေဇတပ်ခွဲ၊ တပ်ခွဲမှူး ဗိုလ်ကြီးအောင်ဝင်း သင်တန်းရုံးထဲသို့ ၀င်လာပါတယ်။ “ဟေ့၊ မင်းတို့ ဘာလုပ်ကြတာလဲ၊ ငါ့ဗိုလ်လောင်းကို မထိနဲ့။ လွှတ်လိုက်စမ်း၊ ဗိုလ်လောင်း ကိုယ့်နေရာ ကိုယ်ပြန်တော့”ဟု ပြောလည်းပြော၊ မိမိတို့အနားလည်း ရောက်လာပါတယ်။
မိမိ ရည်မှန်းချက်များ ရေစုန်မျှောလိုက်ရမည့် အကျဉ်းအကျပ်ကြားမှ လက်မတင်လေး လွတ်မြောက်သွားပါတယ်။ စက္ကန့်ပိုင်းမျှ နောက်ကျရုံဖြင့် မမျှော်မှန်းနိုင်တဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်ရမည်ဖြစ်ကာ ကံအကြောင်းတရားကား ဆန်းကြယ်လှပါတယ်။ မိမိ အတွက်လည်း ဘဝသင်ခန်းစာကြီးကြီး ရသွားပါတယ်။ လေ့ကျင့်ရေး(၂)တွင်လည်း အတန်းထဲကနေ ပြန်ပြောမိသဖြင့် နားပန်တစ်ချက် အရိုက်ခံလိုက်ရတယ်။ သည်တစ်ခါ အပြစ်က ပိုကြီးသွားတယ်။ အပြောအဆို၊ အနေအထိုင် သတိထားရမယ်။ မိမိ ရည်မှန်းချက်ရောက်ရန် ဆင်ခြင်ရမည်။ အထက်အရာရှိနဲ့ ပတ်သက်လျှင် အတတ်နိုင်ဆုံး စိတ်ရှည်သည်းခံရမည်ဟု တွေးမိသလို၊ လက်အောက်အပေါ်တွင်လည်း မိမိ ခံစားခဲ့ရသလို မဖြစ်အောင်၊ စိတ်ညစ်အောင် မလုပ်ရန် ” မှတ်သားလိုက်ပါတယ်။
(နောင်တွင် မိမိလက်အောက်ကို စည်းကမ်းတင်းကျပ်ရမည့်အချိန် ကျပ်မည်။ မိမိညွှန်ကြားချက် မလိုက်နာလျှင် ဆူဆဲ ရိုက်ပုတ်၊ လုပ်ချင်လုပ်မည်။ သို့ပေမယ့် စိတ်ညစ်အောင်၊ နာကျည်းအောင် မလုပ်ပါ။ မိမိလို မခံစားစေရ အောင် ထိန်းသိမ်းပါတယ်။ မတစ်ထောင်သားတွေကို အုပ်ချုပ်ရသည်ဖြစ်၍ ခပ်ပျော့ပျော့ လုပ်လို့တော့မရပါ။ သူတို့ အမူအကျင့်ပေါ်လိုက်ပြီး လုပ်ဆောင်ရပါတယ်။ မင်းသားဆိုင်းတီးလျှင် မင်းသားအက ကပြသလို၊ ဘီလူးဆိုင်း တီးပါက ဘီးလူးအက ကပြပါတယ်။)
တပ်မတော်သို့ ၀င်ရောက်ချိန်မှစ၍ အပြောအဆို မခံချင်သဖြင့် စည်းကမ်းကို တိကျစွာ လိုက်နာနိုင်ရန် ကြိုးစားနေထိုင်ပါတယ်။ ဗိုလ်လောင်းကာလတွင် ပို၍ သတိထားရမယ်။ ပန်းတိုင်မရောက်မီ တက်ကျိုးလို့ မဖြစ်။ မိမိက စောင့်ကြည့်ခံ အခြေအနေ ဖြစ်သွားပြီ။ အကြောင်းအချက်တစ်ခုခုကြောင့် မိမိ ပင်ပန်းဆင်းရဲခံကာ လုံ့လစိုက်ခဲ့ရတဲ့ တိုးတက်မှုတစ်ခု မဆုံးရှုံးရအောင်၊ မိမိအပေါ် ဝမ်းသာကြည်နူးစွာရှိနေကြတဲ့ အဖေ အပါအဝင် မိသားစုရဲ့မျှော်လင့်ချက်တွေ ပျောက်ဆုံးမသွားအောင် မိမိကိုယ်ကို ပြန်လည် သုံးသပ်ဆင်ခြင်ပြီး ပို၍ သတိ ထားလာပါတယ်။