အမေရိကန်လေကြောင်းလိုင်းက လေယာဉ်တစ်စီး ပျံသန်းနေစဉ် ပြတင်းပေါက်ပြုတ်ထွက်

အမှုထမ်းနဲ့ ခရီးသည်နဲ့ ၁၇၇ ဦးတို့လိုက်ပါလာတဲ့ အမေရိကန်နိုင်ငံ အလက်စကာလေကြောင်းလိုင်းက ခရီးသည်တင်လေယာဉ်တစ်စီးဟာ ပျံသန်းနေချိန်မှာပဲ လေယာဉ်ပြတင်းပေါက်တစ်ခု ပြုတ်ထွက်ခဲ့တာကြောင့် အော်ရီဂွန်ပြည်နယ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ သိရပါတယ်။

ဘိုးအင်း 737 Max 9 အမျိုးအစားဖြစ်တဲ့ အဆိုပါလေယာဉ်ဟာ ဒေသစံတော်ချိန် ဇန်နဝါရီလ ၅ ရက်၊ ညနေ ၄ နာရီ ၅၀ ကျော်အချိန်မှာ ပေါ့တ်လန်းမြို့ကနေ ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ အွန်တာရီယိုမြို့က်ို ထွက်ခွာလာစဥ်မှာ ပြတင်းပေါက်ပြုတ်ကျပြီးနောက် ပျံသန်းချိန် ၃၅ မိနစ်အကြာမှာ ပေါ့တ်လန်းကို အရေးပေါ်ပြန်လည်ဆင်းသက်ခဲ့ရတာပါ။

၎င်းလေယာဉ်အနေနဲ့ အရေးပေါ်ဆင်းသက်မှု မပြုလုပ်ခင်က အမြင့်ပေ ၁၆၀၀၀ (၄,၈၇၆ မီတာ) ကျော်မှာ ပျံသန်းနေခဲ့ကြောင်း ပျံသန်းမှုခြေရာခံအချက်အလက်တွေအရ သိရှိရပြီး လက်ရှိမှာတော့ စစ်ဆေးမှုတွေပြုလုပ်ဖို့အတွက် တခြားသော 737 Max 9 လေယာဉ် ၆၅ စီးကိုလည်း ယာယီရပ်နားထားမှာဖြစ်တယ်လို့ သိရပါတယ်။