အသက်ကျော်ကစားသမားလေးဦးကို ကစားခွင့်ပိတ်ပင်ကာ အနိုင်ရလဒ်များ ပယ်ဖျက်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် FIFA-MFF ယူ-၁၇ လိဂ်ပြိုင်ပွဲမှ အသက်ကျော်ကစားသမားလေးဦးကို ကစားခွင့်ပိတ်ပင်ခဲ့ပြီး အသက်ကျော်ကစားသမားထည့်သွင်းအသုံးပြုသည့် အသင်းများ၏ ပွဲစဉ် (၁)အနိုင်ရလဒ်များကိုလည်း ပယ်ဖျက်ကြောင်း ထုတ်ပြန်ခဲ့သည်။

MFF စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် အသက်စိစစ်ရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များနှင့် ပြိုင်ပွဲဝင်ကစားသမားများ၏ မှတ်ပုံတင်စာရွက်စာတမ်းများ၊  ပြိုင်ပွဲကြီးကြပ်သူ၊ ဒိုင်လူကြီးအစီရင်ခံစာများ ကြည့်ရှုသုံးသပ်ပြီးနောက် အသက်ကျော်ကစားသမားများဖြစ်သည့် ရွှေပြည်သာအသင်း၊ ဖားစည်မြေအသင်း၊ Burmese Youth အသင်းနှင့် အာသာဝတီအသင်းတို့မှ ကစားသမားတစ်ဦးစီကို ပြိုင်ပွဲမှထုတ်ပယ်ပြီး FIFA-MFF ယူ-၁၇ လိဂ်ပြိုင်ပွဲ ကစားခွင့် ပိတ်ပင်ခဲ့သည်။  ထို့ပြင် MFF စည်းကမ်းထိန်းသိမ်းရေးကော်မတီအနေဖြင့် အုပ်ချုပ်/နည်းပြအဖွဲ့ဝင်များကို လာမည့်ပြိုင်ပွဲများတွင် အလားတူမဖြစ်စေရန်အတွက် ကြပ်မတ်ဆောင်ရွက်သွားရန်၊ FIFA-MFF ယူ-၁၇ လိဂ်ပြိုင်ပွဲကျင်းပရေးအနေဖြင့် ပြိုင်ပွဲဝင်ကစားသမား၏ မှတ်ပုံတင်စာရွက်စာတမ်းများ စနစ်တကျပြုစုထားရှိမှု အားနည်းကြောင်း တွေ့ရှိသဖြင့် အလားတူဖြစ်ရပ်မျိုး ထပ်မဖြစ်စေရန် ပြင်းထန်စွာ သတိပေး ကြောင်း ထုတ်ပြန်ခဲ့သည်။

MFF သည် ယူ-၁၅ လူငယ်လိဂ်ပြိုင်ပွဲ ကျင်းပပြီး တစ်ပတ်ကျော်အကြာမှာပင် ယူ- ၁၇ လိဂ်ပြိုင်ပွဲအတွက် ခြေစစ်ပွဲကျင်းပခြင်းဖြစ်သည်။ ခြေစစ်ပွဲကို ဒီဇင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိ ကျင်းပပြီးနောက် လိဂ်ပြိုင်ပွဲကို ဒီဇင်ဘာ ၂၉ ရက်မှစ၍ ပြိုင်ပွဲဝင် ၁၂ သင်းဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယူ-၁၇ လိဂ်ပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်း ခြေစစ်ပွဲစတင်ခါနီး တစ်ပတ်ဝန်းကျင်အလိုမှသာ သတင်းထုတ်ပြန်ခဲ့သောကြောင့် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် အချိန်တိုအတွင်း ပြင်ဆင်ခဲ့ရဖွယ်ရှိကြောင်း သိရသည်။ ထို့ပြင် ခြေစစ်ပွဲအပြီး ငါးရက်အကြာတွင် ပြိုင်ပွဲစတင်ကျင်းပသဖြင့်  ဒီဇင်ဘာ ၂၅ ရက်မှ ၂၈ ရက်အထိ လေးရက်အတွင်း နောက်ဆုံးအဆင့် ပြိုင်ပွဲဝင်ခွင့်ရအသင်း ၁၂ သင်းကို အသက်မှန်ကန်မှုရှိမရှိ၊ စာရွက်စာတမ်း မှန်ကန်မှုရှိမရှိ စစ်ဆေးခဲ့ရဖွယ်ရှိနေသည်။