ထိုင်းလေတပ်က တိုက်လေယာဉ်များ၏စွမ်းဆောင်ရည်ကို မြှင့်တင်ပြီး လေ့ကျင့်လျက်ရှိ

            ထိုင်းဘုရင့်လေတပ်သည် ပြန်လည်ပြုပြင်ထားသော Lockheed Martin AN/AAQ-33 အဆင့်မြင့် ပစ်မှတ်ချိန်ရွယ်မှုကိရိယာ(Sniper Advanced Targeting Pods-ATP)အပါအဝင် တက်ခ်လိုင်ခရိုင်အခြေပြု အမှတ်(၄)လေယာဉ်အုပ်စု၊ အမှတ်(၄၀၁)လေယာဉ်အုပ်နှင့်အတူ တာဝန်ထမ်းဆောင်နေသော ဦးဆောင် တိုက်လေသူရဲလေ့ကျင့်ရေးလေယာဉ်များဖြစ်သည့် T-50TH Golden Eagle      တိုက်လေယာဉ် ၁၂ စင်း၏ စွမ်းဆောင်ရည်မြှင့်တင်ရန်အတွက် လုပ်ဆောင်လျက် ရှိကြောင်း သိရှိရပါသည်။

            ထိုင်းဘုရင့်လေတပ်၊ အမှတ်(၄)လေယာဉ်အုပ်စု၏ လူမှုကွန်ရက်မီဒီယာတွင် ၂၀၂၃ ခုနှစ် မေလအတွင်း အဆင့်မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်မှုကို သွားရောက် ကြည့်ရှုသည့် ဓာတ်ပုံများအားဖော်ပြခဲ့ကြောင်း၊ ၎င်းသည် Lockheed Martin ကုမ္ပဏီ ထုတ် AN/AAQ-33 အဆင့်မြင့်ပစ်မှတ်ချိန်ရွယ်မှုကိရိယာ နောက်ထပ်တပ်ဆင်ခြင်းဖြင့် အမှတ်(၄၀၁) လေယာဉ်အုပ်မှ Korea Aerospace Industries (KAI)လုပ် T-50TH Golden Eagle တိုက်လေယာဉ်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်ဖြစ်ကြောင်း သိရှိရပါသည်။

            ထိုင်းဘုရင့်လေတပ်သည် အမှတ်(၄၀၁) လေယာဉ်အုပ်တွင် အခြေပြုထားသော T-50TH တိုက်ခိုက်ရေးနှင့် လေ့ကျင့်ရေးလေယာဉ် ၁၂ စင်း တိုးတက် ကောင်းမွန်လာမှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ဖော်ပြထားခြင်း မရှိကြောင်း၊ သို့ရာတွင် ၂၀၂၃ ခုနှစ် မေလ ၉ ရက်နေ့တွင် လေတပ်စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ်ကြီး နရောင်းအင်သာချပ်၏ ဟောပြောပွဲ၌ ပြသထားသော ဓာတ်ပုံတွင် ၂၀၂၃ ခုနှစ် ဧပြီလမှ နိုဝင်ဘာလအတွင်း ATP တပ်ဆင်မှုဖြင့် T-50TH တိုက်လေယာဉ်တပ်ဆင်မှု အဆင့်-၄ အတွက် အချိန်ဇယားကိုပြသထားကြောင်း၊ ATP အဆင့်မြင့်ပစ်မှတ်ချိန်ရွယ်မှုကိရိယာပါရှိသည့် ပြုပြင်ထိန်းသိမ်းမှု လုပ်ဆောင် နေသော လေယာဉ်ကိုယ်ထည်အမှတ် ၄၀၁၁၀ ဖြင့် T-50TH တိုက်လေယာဉ်၏ နောက်ခံပုံလည်းပါဝင်ကြောင်း သိရှိရပါသည်။

        အဆိုပါခရီးစဉ်၌ F-16AM/BM တိုက်လေယာဉ်ရှိ စစ်ဆင်ရေးသုံးကွန်ပျူတာနှင့် လေသူရဲဦးထုပ်တွင် တပ်ဆင်အသုံးပြုသောအချက်ပြစနစ် (Joint Helmet Mounted Cueing System-JHMCS) ကဲ့သို့သော ပျံသန်းရေးကိရိယာများကိုလည်း ပြသ ထားကြောင်း၊ ဦးဆောင်လေသူရဲလေ့ကျင့်ရေးလေယာဉ်များ ဝယ်ယူရေးစီမံကိန်းမှ T-50TH တိုက်ခိုက်ရေးနှင့် လေ့ကျင့်ရေးလေယာဉ်များအတွက် ဝယ်ယူခဲ့သော စုစုပေါင်းလေယာဉ် ၁၄ စင်းသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကာကွယ်ရေး အသုံးစရိတ် လျှော့ချခဲ့ရသည့်အတွက် ကြန့်ကြာမှုဖြစ်ပေါ်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် T-50TH အဆင့်-၄ နောက်ထပ် ၂ စင်းဝယ်ယူရေးကို ထိုင်းလေတပ်က ထုတ်ပြန်ခဲ့ကြောင်း၊ ၎င်းသည် ၂၀၂၁ ခုနှစ်နှောင်းပိုင်းတွင် KAI ကုမ္ပဏီနှင့် သဘောတူစာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်ဝန်းကျင်တွင် ပေးပို့မည်ဟု ယူဆရကြောင်း သိရှိရပါသည်။