MNDAA အနေဖြင့် လောက်ကိုင်မှ စစ်ဘေးရှောင်လာသောလူငယ်များကို ဖမ်းဆီးခေါ်ဆောင်

ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA အနေဖြင့် လောက်ကိုင်မှ စစ်ဘေးရှောင်လာသောလူငယ်များကို ဖမ်းဆီး ခေါ်ဆောင်ကာ စစ်သားစုဆောင်ခြင်းများ ပြုလုပ်နေကြောင်း တပ်မတော် မှ ပြောသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့(ဒီဇင်ဘာ ၂ ရက်) တွင် နိုင်ငံအတွင်းရှိ တိုက်ပွဲအခြေအနေများနှင့်ပတ်သက်၍ မီဒီယာများကို အသိပေးပြောဆိုရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

MNDAA ဦးဆောင်သော TNLA၊ AA လက်နက်ကိုင်မဟာမိတ် (၃)ဖွဲ့သည် (၁ဝ၂၇ စစ်ဆင်ရေး) အမည်ဖြင့် ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသရှိလုံခြုံရေးစခန်းများကို အောက်တိုဘာ ၂၇ ရက်မှစတင်ကာ အင်အားအလုံးအရင်းဖြင့် ဝင်တိုက်ခဲ့ပြီး လက်ရှိတွင်လည်း တိုက်ခိုက်နေဆဲဖြစ်သည်။

လက်ရှိတွင် MNDAA ပူးပေါင်းအနေဖြင့် လောက်ကိုင်မြို့ကို ဝင်ရောက်တိုက်ခိုက်မည်ဟု ကြေညာထားသည့် အတွက် ၎င်းမြို့၌ လာရောက်အလုပ်လုပ်နေသူများအပါအဝင် မြို့ခံများသည် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရ လျက်ရှိသည်။

“လောက်ကိုင်မှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့လူတွေရှိပါတယ်။ ပြန်လာတဲ့အခါမှာလည်း အရွယ်ကောင်း တွေဖြစ်တဲ့ အသက် ၁၅ နှစ်နဲ့ ၄ဝ ကြားမှာရှိတဲ့ လူငယ်တွေကိုပြန်လွှတ်မပေးဘဲနဲ့ MNDAA အနေနဲ့ ဖမ်းဆီး ခေါ်ဆောင်ပြီး စစ်သားစု ဆောင်းနေတယ်ဆိုတဲ့ သတင်းများလည်းရရှိပါတယ်။ အဓိကအားဖြင့် ရှမ်းလူမျိုးနဲ့ တအာင်းတွေကို စုဆောင်းနေတယ်ဆိုတာ ကျွန်တော်တို့ သိရပါတယ်” ဟု နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောသည်။

လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဖက်ဒရယ်အရေးဟူ အမည်တပ်ထားသော်လည်း ၎င်းတို့လုပ်ကိုင်ဆောင်ရွက်နေ မှုများသည် အလုံးစုံပျက်သုဉ်းရေးကိုသာ ဦးတည်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆို သည်။

“ဒါတွေကို ကျွန်တော်တို့ပြည်သူတစ်ရပ်လုံးအနေနဲ့ ဝိုင်းဝန်းပြီး တိုက်ဖျက်သွားရမှာဖြစ်ပါတယ်။ ဒါမှမလုပ်နိုင်ဘူးဆိုရင် တိုင်းရင်းသားဒေသတွေမှာ ယခင်တုန်းကလိုပဲ စစ်ဘုရင်ဝါဒ ထပ်မံကြီးစိုးလာဦးမှာ ဖြစ်ပါတယ်။ လက်နက်အားကိုးပြီး လက်နက်နဲ့အနိုင်ကျင့်တဲ့ကိစ္စတွေ ထပ်မံပေါ်ပေါက်လာဦးမှာဖြစ်ပါတယ်” ဟု ၎င်းက ထပ်မံပြောသည်။

ထိုသို့ တိုက်ခိုက်လာနေသည့် လက်နက်ကိုင်အဖွဲ့များကို တန်ပြန်ချေမှုန်းသွားမည်ဟု နိုင်ငံတော်တာဝန်ရယူထားသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။