●ဗိုလ်ရုပ်မပေါက်ခဲ့ပုံများ(၂)●

ဗန်းမော်အခြေစိုက် တပ်ရင်းမှာ တာဝန်ကျတော့ ဗိုလ်ကြီးအဆင့် ဖြစ်နေပြီ။ တပ်ထောက်ဗိုလ်ကြီးတာဝန်ကို ယူထားရသည်။ တပ်ထောက်ဗိုလ်ကြီး အလုပ်ထဲမှာ မန္တလေး သွားပြီး စစ်ဝတ်တွေ ထုတ်တာအပ်တာကို လုပ်ရတာအကြိုက်ဆုံးပါပဲ။

ဗန်းမော်နဲ့မန္တလေး ပြေးဆွဲနေသည့် သင်္ဘောကြီးများသည် ဧရာဝတီမြစ်အတွင်း သွား လာနေကြရာ အစုန်ခရီးဆို သုံးရက်အဆန်ခရီးဆိုလေးရက်လောက်ကြာအောင်ရေကြောင်းကိုကြည့်ပြီး ခုတ်မောင်းကြသည်။ ပွင့်ဖြူ၊ ပိတောက်၊ ပေါက်တန်း၊ပန်းတော်၊ပုံညာ စသည့်သင်္ဘောကြီးများ ပြေးဆွဲကြ သည်။ ထိုအချိန်က ဗန်းမော်နယ်မြေမှာ တိုက်ပွဲသံများ ဆူညံဆဲကာလ လည်းဖြစ်၏။ သင်္ဘောပေါ်ရောက်သည်နှင့် တာဝန်တွေ ပူလောင်စိုးရိမ်မှုတွေကို ခဏလွှတ်ချထားလိုက်ပြီး စာအုပ်များဖတ်ကာ အပန်းဖြေခရီးသွားသလို ခံစားပစ်လိုက်သည်။ စုန်ဆန်ခရီးသွားလာနေကြမို့ သင်္ဘောသားတွေ အားလုံးနှင့်ခင်မင်ပြီး စားအိမ်သောက် အိမ်လိုကိုဖြစ်နေ သည်။ လုံခြုံရေးအခြေအနေအရ သင်္ဘောထွက်တော့မည်ဆိုလျှင် သင်္ဘော ပေါ်တွင်ပါလာသော အဆင့်အမြင့်ဆုံး တပ်မတော်အရာရှိကို ဆလင်ကြီးက လာအပ်ရသည့် အချိန်ဆိုလည်း မမှားပေဘူးပေါ့။ တစ်ခါသားမတော့ စစ်ဝတ်ပစ္စည်းများထုတ်ပြီး မန္တလေးမှ ဗန်းမော်သို့ ပွင့်ဖြူသင်္ဘော ကြီးဖြင့် ပြန်လာခဲ့သည်။ အထက်တန်းအစောင့်ကိုခင်နဲ့က ညီအစ်ကိုလို ခင်နေလို့ သူ့အခန်းနှင့် နီးသည့် အခန်းမှာစီးဖြစ်သည်။ အထက်တန်းအိပ်ခန်းများမှာ နှစ်ယောက်ခန်းများဖြစ်ပြီး ကျောခြင်းကပ်ထား သည်။ အခန်းအပြင်မှာတော့ ဝရံတာနှင့်ပေါ့။ ဦးခန်းမှာ ဧည့်ခန်းရှိပြီး အခန်းတွင်းမှ ခရီးသည်များ နားနေနိုင်ကြသည်။ ညနေ၄နာရီခန့်မှာ သင်္ဘောကြီးက ကသာဆိပ်ကမ်း ကိုကပ်သည်။ ကုန်တင်ကုန်ချချိန် အတော်ကြာလိမ့်မည်။ သင်္ဘောအောက် ခဏဆင်းပြီး ကသာကမ်းနားတလျောက် လမ်း လျောက်နေလိုက်သည်။ ဟိုကြည့်ဒီကြည့်နဲ့ ပျင်းလာလို့ သင်္ဘောပေါ် ပြန်တက်လာပြီး အခန်းအပြင်မှာ စွတ်ကျယ်နဲ့ စာထိုင်ဖတ်နေလိုက်သည်။

” ဒီမှာ… ဒီမှာ အခန်းနံပါတ်Bက ဘယ်အခန်းလဲ” စာထဲစိတ်ဝင်စားနေတာနှင့် ချက်ခြင်းမကြားမိ။ ကိုယ့်ကိုခေါ်တယ်လို လည်းမထင်။ ” ဟေ့… မေးနေတယ်လေ” ဒီတော့မှ ကိုယ့်ကိုပြောနေမှန်း သိတော့သည်။ ကသာကတက်လာသော ခရီးသွား မိန်း ကလေး နှစ်ယောက်။ ကျွန်တော့်ကို အထက်တန်းအစောင့်လို ထင်နေပုံရသည်။ ” အခန်း Bက ဟိုမှာ” ” ဒါဆိုလဲ ပစ္စည်းတွေ လိုက်ပို့ပေးဦးလေ” ရှင်းပြမနေတော့ဘဲ သူတိုအိပ်တွေကိုဆွဲပြီး အခန်းBထဲ လိုက်ပို့လိုက်သည်။ ကိုယ့်ရုပ်က လည်း ဗိုလ်ရုပ်ကို မပေါက်တာဆိုတော့ ရှိစေတော့လေ။ ပစ္စည်းတွေ အခန်းထဲထည့်ပေးပြီး ပြန်ထွက်မယ်လုပ် တော့… ” ညနေစာမှာချင်လို့ ..အခန်းထဲအထိပို့ပေးလား” ” ပို့ပေးပါတယ်.. ဆိုင်မှာသွားစားတာထက်တော့ ဈေးပိုကြီးမှာနော်” စချင်နောက်ချင်စိတ်နှင့်သာပြောလိုက်မိသည်။ ဈေးကတော့အတူတူ ပါပဲ။ ဒါကို တောင်… ” upperကတောင် စီးမှတော့ အခန်းထဲမှာပဲစားမယ်။ ခေါက်ဆွဲကြော်ကြက်သားနဲ့နှစ်ပွဲ မှာပေး” ပြောတော့ကြီးကြီးကျယ်ကျယ် မှာတော့ခေါက်ဆွဲ။ အပြင်ထွက်လာတော့ ကိုခင်နဲ့ လမ်းမှာဆုံလို့ အခြေအနေပြောပြပြီး မှာခိုင်းလိုက်သည်။ ကိုခင့်ကိုလည်း မပြောဖို့ ပိတ်ထား ရသည်။ ကောင်မလေးနှစ်ယောက်က ချောသလောက် အတော်စွာပုံရသည်။ ငယ်ငယ်ရွယ်ရွယ်တွေ ဆိုတော့ အရာရာသိချင်ပြီး အားလုံးကို သိဟန်လည်းဆောင်တတ်ကြသည်။ ကသာသူ မစွာ တေးလေးတွေလို့ မှတ်ထား လိုက်သည်။ နောက်နေ့ တစ်နေ့လုံးလည်း ဘရိတ်ဖတ်ရော နေ့ လယ်စာပါ မှာခိုင်းနေသည်။ နေ့လယ်စာစားပြီးချိန် ဝရံတာဘေး ရပ်နေစဉ် စွာတေးတို့ရောက်လာ သည်။ မြစ်ကမ်း နဘေးကို လိုက်ကြည့်နေသည်။ ဒုတိယမြစ်ကျဉ်းရှိ ကြက်တူရွေး နှုတ်သီးကိုတွေ့တော့ အံ့ဩ စွာနဲ့ ကလေးတွေလို ခုန်ပေါက်နေသည်။ သူတို့ဒီခရီးကို မသွားဖူးမှန်း သေချာသည်။

” ကြက်တူရွေးနှုတ်သီး ရေသောက်ရင် ဘာဖြစ်လဲ ဟင်”

   ကြားဖူးနားဝနှင့် မေးနေတာဖြစ်မည်။ မြစ်ဘေးရှိ သဘာဝ ကျောက်စွန်းကြီးက ကြက် တူရွေးဦးခေါင်း နှင့်တူနေခြင်းဖြစ်သည်။ ခေါင်းကိုအစိမ်းရောင် နှုတ်သီးကို အနီရောင် ဆေး သုတ်ပေးထားတော့ ကြက်တူရွေးနှင့် ပိုတူသွားသည်။

   " ဒီခရီးကို တစ်ခါမှ မသွားဖူးဘူးလား"

   " ငယ်ငယ်တုန်းကတော့ ရောက်ဖူးတယ်၊ မမှတ်မိတော့ဘူး"

   " ဒီနေရာက ဧရာဝတီမြစ်ရဲ့ ဒုတိယမြစ်ကျဉ်း နေရာလေ၊ ကြက်တူရွေးနှုတ်သီးနဲ့ ရေနဲ့ ထိနေတဲ့အချိန်ဆို ရင် ရေကြောင်းမှာ အန္တရာယ်များလွန်းလို ရေကြောင်းမှာ သွားလာနေသူ တွေက ကြက်တူရွေးရေသောက်တယ်လို ပြောပြီး သတိထားကြတာ"

   " ေဩာ်... ရေက နှုတ်သီးကို ကျော်သွားတာရော ရှိလား"

   "ရှိပါတယ်၊ ကြက်တူရွေးခေါင်း ရေမြုတ်ချိန်မျိုးပေါ့၊ ရေများနေရင်လည်း သိပ်မစိုးရိမ်ရဘူး။ ခုတော့ ကြက်တူရွေးရေသောက်ဖို အဝေးကြီးလိုသေးလို အေးဆေးပါ။ ဒါနဲ့ ဗန်းမော် ဘယ်ကိုသွားမှာလဲ"

   " ရွှေကျီးနား"

   " လာကြိုကြမှာလား"

   " ဘယ်သူ့ကိုမှ ပြောမထားဘူး၊ အံ့ဩသွားအောင်လို့ လေ"

   "သင်္ဘောဆိပ်နဲ့ ရွှေကျီးနားက အဝေးကြီး၊ ဘာနဲ့သွားမှာလဲ"

   " ကားငှားသွားမှာပေါ့"

   တစ်ချက်ပြုံးမိသည်။ ဗန်းမော်သင်္ဘောဆိပ်က ရေအတက်အကျကို ကြည့်ပြီး နေရာ ပြောင်းသည်။ ရေများချိန် မြို့ထဲကဆိပ်ကမ်းကို သုံးနိုင်ပေမဲ့ ရေနည်းချိန်ဆို တပ်ကလေး ဆိပ်မှာကပ်သည်။ ခရီးသည်အတော်များများက ထွေလာဂျီတွေ ဆိုင်ကယ်တွေသာ သုံးကြ သည်။ ကားကိုသိပ်မသုံး။ သင်္ဘောဆိပ်ရောက်တော့ သိရမှာပေါ့လေ။
ဆက်ရန်...