တပ်မတော်(လေ)မှ အရာရှိ၊ စစ်သည်များက စုပေါင်းသွေးလှူဒါန်း၊ ဘိုးဘွားရိပ်သာများအား အလှူငွေများနှင့် စားသောက်ဖွယ်ရာများ လှူဒါန်း

နေပြည်တော်၊ ဒီဇင်ဘာ – ၁၃

     (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(လေ) နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကွပ်ကဲမှုအောက်တပ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ဒီဇင်ဘာ ၁၂ ရက်နှင့် ယနေ့တို့တွင် သက်ဆိုင်ရာ နယ်မြေခံတပ်မတော် ဆေးရုံများနှင့် ပြည်သူ့ ဆေးရုံများ၌ စုပေါင်း သွေးလှူဒါန်းကြသည်။

    ထိုသို့လှူဒါန်းရာတွင် တပ်မတော်(လေ)မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက သက်ဆိုင်ရာ ဆေးရုံများရှိ သတ်မှတ်နေရာအသီးသီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။ ယင်းသို့ သွေးလှူဒါန်းနေမှုများကို သက်ဆိုင်ရာ လေတပ်စခန်းဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး သွေးအလှူရှင်များအတွက် အာဟာရဖြည့် စားသောက် ဖွယ်ရာများပေးအပ်ကြသည်။ ယင်းနောက် သက်ဆိုင်ရာဆေးရုံများမှ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပြန်လည်ပေးအပ်ကြသည်။

    ထို့ပြင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ နမ္မဒါဘိုးဘွားရိပ်သာ ဖြစ်မြောက်ရေး အတွက်အလှူငွေများနှင့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ မိတ္ထီလာဘိုးဘွား ရိပ်သာသို့ စားသောက်ဖွယ်ရာများနှင့် ဆေးဝါးများကို တပ်မတော်(လေ)မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက သွားရောက် လှူဒါန်းကြရာ တာဝန်ရှိသူများက အသီးသီး လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။