ရုရှားကတရုတ်သို့ သဘာဝဓာတ်ငွေ့ စံချိန်တင်ရောင်းချနေရ

ရုရှားနိုင်ငံက     ဆိုက်ဘေးရီးယားစွမ်းအင်ပိုက်လိုင်းမှတစ်ဆင့်   တရုတ်နိုင်ငံသို့   သဘာဝဓာတ်ငွေ့တိုးမြှင့် တင်ပို့နေရပြီး ဒီဇင်ဘာ ၇ ရက်၌ နေ့စဉ်တင်ပို့မှု ပမာဏစံချိန်တင်ကြောင်း   ရုရှားနိုင်ငံ၏ ဂက်ဇပရွမ်ကုမ္ပဏီက      ၎င်းတို့၏ တယ်လီဂရမ်စာမျက်နှာတွင်  ဖော်ပြထားသည်။

ထို့ပြင်    ဒီဇင်ဘာလအတွင်း တင်ပို့ရောင်းချရန်စီစဉ်ထားသည့် ယခင်ပမာဏထက် ပိုမိုတိုးမြှင့်တင်ပို့ ရောင်းချ ခဲ့ရာ နေ့စဉ်ရောင်းချရမှု ပမာဏမှာ    ၁၆ ဒသမ ၁ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားသည်။

ရုရှားနိုင်ငံသည် တရုတ်နိုင်ငံသို့ နှစ်နိုင်ငံကြား နှစ်ရှည်သဘောတူညီချက်အရ ယခုကဲ့သို့ ရောင်းချပေးနေခြင်း ဖြစ်ပြီး သဘာဝဓာတ်ငွေ့များကို အရှေ့ပိုင်းလမ်းကြောင်း၏တစ်စိတ်တစ်ပိုင်းဖြစ်သော ဆိုက်ဘေးရီးယား စွမ်းအင် ပိုက်လိုင်းမှ တင်ပို့ပေးနေခြင်းဖြစ်သည်။

အဆိုပါအရှေ့ဘက်လမ်းကြောင်း ပိုက်လိုင်းစီမံကိန်းသည် ၂၀၂၄ ခုနှစ်မှစ၍ တရုတ်နိုင်ငံသို့ နှစ်စဉ်သဘာဝ ဓာတ်ငွေ့ ကုဗမီတာ ၃၈ ဘီလီယံအထိ   တင်ပို့ပေးနိုင်မည်ဖြစ်သည်။

ထိုစီမံကိန်းအတွက်     ရုရှားနိုင်ငံ ဂက်ဇပရွမ်ကုမ္ပဏီနှင့် တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်းတို့က    ၂၀၁၄ ခုနှစ်မေလတွင်  လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး အဆိုပါ နှစ် ၃၀ စီမံကိန်းမှာ  အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀၀ တန်ဖိုးရှိကြောင်း သိရသည်။

Ref: RT

နိုင်ငံတကာသတင်း